Thursday, December 3, 2015

အနတ္တဝါဒကို နားလည်ကြည့်မိခြင်း

လူတွေမှာ ဝါသနာတစ်မျိုးစီ ဒါမှမဟုတ် တစ်မျိုးထက်ပိုရှိတတ်ကြတယ်။ စာဖတ်တာ၊ ခရီးသွားတာ၊ ရုပ်ရှင်ကြည့်တာ၊ ရေကူးတာ စသဖြင့် ...။ ကိုယ့်မှာလည်း ဝါသနာတစ်ချို့ရှိတဲ့အထဲက ဘာသာရေးစာပေတွေ၊ လူ့သမိုင်းတွေမှာ စိတ်ဝင်စားတယ်။ ပြောရရင်ပိုသိချင်တယ်။ ဘာသာရေးစာပေတွေကို ဖတ်ရတာလေ့လာရတာ ဝါသနာပါလို့ သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ စကားဆက်စပ်ပြောဖြစ်တယ်။ ဘာသာရေးကိုင်းရှိုင်းတာနဲ့ စာပေအကြောင်းအရာတွေ စိတ်ဝင်စားတာနဲ့တော့ အတိအကျကြီး ထပ်တူမကျပါဘူး။ တစ်ခါတစ်လေ ကိုယ်သိထားတာလေးတွေမျှဝေတယ်။ တစ်ခါတစ်လေ တခြားသူတွေသိထားတာ နားထောင်တယ်။ ဘာသာရေးအကြောင်းအရာတွေဟာ တစ်ခါတစ်လေ ပြောလေ့ပြောထရှိတဲ့တခြားအကြောင်းအရာတွေလိုပဲ ရံဖန်ရံခါ အပြန်အလှန်ပြောရမယ့် အကြောင်းအရာတစ်ခုဖြစ်တယ်လို့မြင်မိတယ်။ စကားပြောဖြစ်တဲ့သူငယ်ချင်းတွေနဲ့တော့ အပြန်အလှန်လေးစားမှုတစ်ခုရခဲ့တယ်၊ နားလည်မှုတစ်ချို့ရခဲ့တယ်။ တစ်ချို့ကတော့ ဘာသာရေးတွေမပြောတာ ကောင်းတယ်တဲ့ ...။

ဗုဒ္ဓဘာသာဝင်တွကြေားထဲနေလာ၊ စာအုပ်တွေဖတ်၊ တရားတွေနားစိုက်မထောင်လည်း အလိုလိုကြားနေရတော့ ဗုဒ္ဓဘာသာအကြောင်းအတန်အသင့်တော့ သိနားလည်တယ်။ ကိုယ်က အစ္စလာမ်ဘာသာအဖြစ်မွေးလာတော့ အရွယ်ရလာတာနဲ့အမျှ နားလည်လာတဲ့အချိန်မှာ ကိုယ်သိထားတဲ့အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာသဘောတရားလေးတွေမှာ ချိန်ထိုးနားလည်ကြည့်တတ်လာတယ်။ ဗုဒ္ဓဘာသာဝင်အများစုက ဘုန်းတော်ကြီးတွေ မကြာခဏတရားဟောတဲ့အပေါ်အခြေခံပြီး အစ္စလာမ်ဘာသာ/ခရိယာန်ဘာသာတွေဟာ ဟိန္ဒူဘာသာလိုပဲ အတ္တဝါဒလို့ သိထားကြတယ်/မြင်ထားကြတယ်။ ဘာလို့ဒီလိုမြင်ထားကြတာလဲ ? အစ္စလာမ်ဘာသာတရားမှာ သူ့ဘာသာဖြစ်တည်နေတဲ့ ဒါမှမဟုတ် ဖန်ဆင်းခံရတဲ့ ဝိညာဉ်ကောင် (သို့) အတ္တကောင်လေး လူတိုင်းမှာရှိနေတယ် ထင်မှတ်ထားကြလို့ပါပဲ။ ဒါကို အခြေခံပြီး အစ္စလာမ်ဘာသာဟာ မိစ္ဆာဒိဌိတစ်မျိုးဖြစ်တယ်။ ဘယ်အမျိုးအစားထဲပါသလဲလို့ဆိုရင် သဿတဒိဌိလို့ဆိုတယ်။ သဿတဒိဌိရဲ့ အဓိပ္ပါယ်ကို မဟာဂန္ဓာရုံဆရာတော်ကြီးက ခုလိုရှင်းပြတယ်။ 

"သေလျှင်မပြတ်ဘူး၊ ဒိဌိတော့ ဒိဌိပဲ၊ သူက ဟိုဘက်ဘဝရှိသေးတယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးရလိမ့်မယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးရလိမ့်မယ်။ သဿတဒိဌက အယူတော့ မှားတယ်။ ဘယ်လိုမှားတုန်းဆို ခန္ဓာကိုယ်ထဲမှာ အကောင်လေးရှိတယ်။ ဒီအကောင်လေးက ဟိုဖက်လိုက်သွားတယ်။ ဒါကြောင့်အကောင်ကလေးရှိတယ်ဆိုတော့ မှားသွားတာ။ နောက်ဘဝရှိတယ်လို့ ယုံတာ မိစ္ဆာဒိဌိမဟုတ်၊ အကောင်လေး၊ အသက်ကောင်ကလေး၊ ဝိညာဉ်ကောင်ကလေး၊ အတ္တကောင်ကလေးရှိတယ်လို့ ဒီလိုယူထားလို့ အယူမှားပြီး မိစ္ဆာဒိဌိဖြစ်တာ"

အင်းဒီလိုဆိုတော့ ဟုတ်ပြီ။ ဘာလို့ဒီလိုအတ္တကောင်လေးရှိနခြေင်းက ဒိဌိအယူမှားခြင်းဖြစ်ရတာလဲ စဉ်းစားကြည့်မယ်။ အကြောင်းက မပျက်မစီးဘဲ ဘဝတစ်ခုကနေတစ်ခု ကူးပြောင်းလှည့်ပတ်နေတဲ့ အတ္တကောင်လေးဟာ အင်္သာရ (မြဲမြဲခြင်း) သဘောဆောင်နေလို့ပဲ။ မြဲတဲ့အရာ၊ မပျက်မစီးတဲ့အရာ၊ ကောင်းမှု၊ မကောင်းမှုကို အပြည့်အဝလုပ်ဆောင်နိုင်တဲ့ အရာ၊ ကံ, ကံ၏အကျိုး - လုပ်ကိုင်တယ် လုပ်တဲ့အတိုင်းဖြစ်တယ်၊ မုချစွမ်းဆောင်နိုင်တယ်လို့ ယုံကြည်ခြင်းအရာတွေဟာလည်း အတ္တသဘောဖြစ်တယ်။ ဒီနေရာမှာ အနတ္တရဲ့ အဓိပ္ပါယ်က ကိုယ်အလိုအတိုင်းမဖြစ်ဘဲ သူ့သဘောအတိုင်းဖြစ်ခြင်း- တစ်နည်းအားဖြင့်သူ့သဘောသူဆောင်ဖြစ်ခြင်းကို နာခံရခြင်းလို့ဆိုလိုတာကို သိထားရမယ်။ အတ္တဝါဒကို ရည်ညွှန်းတဲ့ မြတ်ဗုဒ္ဓရဲ့ သုတ္တန်တစ်ခုမှာ ခုလိုတွေ့ရတယ် .. " မသင့်သောအားဖြင့် နှလုံးသွင်းသောသူအား ငါ၏ကိုယ်သည် ပြောဆိုစီရင်တတ်၏။ သိတတ်၊ ခံစားတတ်၏။ ကောင်းမှု၊ မကောင်းမှု၏ အကျိုးကို ခံစားရ၏။ အခါခပ်သိမ်းရှိ၏။ ဖောက်ပြန်ခြင်းမရှိ။ မြကြေီး မြင်းမိုရ်တောင် လ၊ နေ တို့ကဲ့သို့ အမြဲတည်သည်ဟူသော အယူသည်ဖြစ်၏။ " (မဇ္ဈိမနိကာယ်၊ သဗ္ဗာသဝသံဝရသုတ်) 

ဒီအထက်ကသုတ္တန်ကို ဟိန္ဒူဝါဒ ဥပါဒ်နိသျှကျမ်းက အတ္တဝါဒကိုထောက်ပြတယ်လို့လည်းဆိုကြတယ်။ ဒါဆို တကယ်ပဲ အစ္စလာမ်ဘာသာမှာ အဲ့ဒီလိုမပျက်မစီးဘဲ မြဲမြံနေတဲ့ အတ္တကောင်တစ်ကယ်ပဲရှိသလား ? တကယ်တော့ ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်ရင် အစ္စလာမ်ဘာသာမှာ လူသားဟာ (ရုပ်ကော၊စိတ်ဝိညာဉ်) ပါ ဖန်ဆင်းခြင်းခံရတယ်လို့ဆိုပြီးသားဖြစ်တယ်။ မရှိရာကနေ ရှိရာကို ဖန်ဆင်းခံရတဲ့အရာ ဒါမှမဟုတ် အစရှိတဲ့အရာဟာ အဆုံးမရှိဘဲ ဒါမှမဟုတ် မပျက်မစီးဘဲ အမြဲတည်နေပါ့မလား ? ဒါဟာ မဖြစ်နိုင်ပါဘူး။ အစ္စလာမ်ဘာသာမှာ ရုပ်နဲ့စိတ်နှစ်မျိုးကိုပဲ အဓိကထားပြောပြတယ်။ ရုပ်နဲ့စိတ်ဝိညာဉ်က ဘယ်လိုမျိုးလဲ? အလွယ်ကူဆုံးဥပမာပေးရရင် စိတ်ထဲမကျေမနပ်ဖြစ်ပေမယ့် ပြုံးပြရတဲ့အခါကို စဉ်းစားကြည့်၊ ရုပ်ကပြုံးနေပေမယ့် စိတ်က မကျေနပ်ဘူး။ စိတ်နဲ့ ရုပ်သဘောကို မြင်သွားပြီ။ ဒါပေမယ့် စိတ်နဲ့ ရုပ်ဟာ အစ္စလာမ်ဘာသာအလိုအရ သီးခြားစီမဟုတ်ဘူး။ တစ်နည်းပြောရရင် ရုပ်ခန္ဓာမရှိဘဲ စိတ်ဟာ သီးခြားမရပ်တည်နိုင်ဘူး။ စိတ်ကလည်း တဖန် ခန္ဓာကိုယ် အနောက်ကိုလိုက်တယ်။ တကယ်လို့ ခန္ဓာကိုယ်ရုပ်ကြီးက ရှေ့ကိုတိုးသွားမယ်ဆိုရင် စိတ်ကလည်း ခန္ဓာကိုယ် ရွေးလျားမှုနဲ့အတူပါသွားတာပဲ။ (လူရထားပေါ်ပါသွားရင်၊ စိတ်လည်း ရထားပေါ်သွားတယ်)။ နောက်အစ္စလာမ့်သဘောတရားတစ်ခုက စိတ်နဲ့ရုပ်ဟာ အပြန်အလှန်သက်ရောက်မှုရှိတယ်။ ဥပမာ လူတစ်ယောက်က စိတ်မှာ ဝမ်းနည်းခြင်းကို ခံစားရတဲ့အခါ ရုပ်ခန္ဓာမှာ မျက်ရည်ကျလာတယ်။ စိတ်ကနေ ရုပ်ခန္ဓာကို သက်ရောက်တာ။ နောက်အပြန်အလှန်အနေနဲ့ အကြောင်းတစ်ခုခုကြောင့် ဦးခေါင်းကို ခိုက်မိထိခိုက်ဒဏ်ရာရမယ်ဆိုရင် စိတ်ဝိညာဉ်မှာ မေ့လျော့တာ၊ မှတ်ဉာဏ်ဆုံးရှုံးတာတွဖြေစ်နိုင်တယ်။ ဒါက ရုပ်ကြောင့် စိတ်ဝိညာဉ်မှာ သက်ရောက်မှုဖြစ်တာ။ ဒါဟာ ဘယ်လောက်တောင်ထင်ရှားသလဲဆိုရင် တကယ်လို့ လူဟာအသက်ကြီးလား ရုပ်ခန္ဓာဟာ အလွန်အမင်းအိုမင်းလာရင် စိတ်ကလည်း အိုမင်းမစွမ်းနိုင်တော့ဘူး။ သတိမေ့တတ်လာတယ်။ စိတ်အားလျော့လာတယ်။ အားငယ်တတ်လာတယ်။ တစ်ချို့လူကြီးတွေမှာ သူငယ်ပြန်လာတယ်။ နောက်ဆုံးရုပ်ခန္ဓာသေဆုံးတဲ့အချိန်မှာတော့ အစ္စလာမ့်သဘောအရ စိတ်ဝိညာဉ်ပါသေဆုံးသွားတယ်။ အစ္စလာမ်မှာ သေဆုံးသွားတဲ့ ရုပ်ခန္ဓာကို မြမြေုပ်တယ်။ ဒါနဲ့အတူ တနည်းအားဖြင့် စိတ်ဝိညာဉ်ပါ မြမြေုပ်ခံရပြီး ပျောက်ဆုံးသွားပြီဖြစ်တယ်။ ဘာအတ္တကောင် ဘာဝိညာဉ်မှမရှိတော့ဘူး။ ကျမ်းမြတ်ကိုရ်အာန်မှာ အသက်အရွယ်ကြီးရင့်လာတာနဲ့ စိတ်ကလည်းအားနည်းလာမယ်ဆိုတာကို ခုလိုဖော်ပြထားတယ် " ကြီးရင့်သောအရွယ်၌ လူသည် တစ်ခုသောအဆင့်သို့ရောက်ရှိ၏။ ထိုအဆင့်၌သူသည် ယခင်ကရရှိပြီးသော အသိပညာများအားလုံးကို ဆုံးရှုံးရလေသည်။ " (ကိုရ်အာန် - ၂၂း၅)

ဒါတင်မက ကျမ်းတော်မြတ်ကိုရ်အာန်မှာ လူအပါအဝင် စကြာဝဠာခမ်သိမ်းအားလုံးဟာ မမြဲဘဲတစ်ချိန်မှာ ပျောက်ပျက်သွားမှာဖြစ်ပြီး ဘုရားသခင်တစ်ပါးတည်းသလျှင် ကျန်ရစ်မှာဖြစ်ကြောင်း မိန့်ကြားထားတယ်။ " ကမ္ဘာမြေပေါ်တွင် ရှိရှိသမျှသော အရာခပ်သိမ်းတို့သည် လုံးဝပျောက်ပျက်ရမည်သာတည်း။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဘုန်းတန်ခိုးကျက်သရေ ဂုဏ်အင်အပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်၏ မျက်နှာတော်သာလျှင် ကျန်ရှိနေတော်မူအံ့ " (ကိုရ်အာန် - ၅၅း၂၆-၂၇)

ဒါဆို နိဗ္ဗာန်တို့ ငရဲတို့ ကို သွားမယ့်သူတွေက ဘယ်လိုပြန်ဖြစ်လာမှာလဲ? ဘုရားရှင်က ဖန်ဆင်းခြင်း အသစ်တစ်ခုကိုပြုလုပ်မှာဖြစ်တယ်။ ဒီဖန်ဆင်းခြင်းက သူတို့လုပ်ခဲ့တဲ့ ကောင်းမှုမကောင်းမှုအကျိုးဆက်ကနေ ထပ်မံဖန်ဆင်းခြင်းဖြစ်တယ်။ (ဗုဒ္ဓဘာသာမှာ အလားတူ ဘဝကူးတဲ့အခါ ခန္ဓာကိုယ်ထဲကဝိညာဉ်ထွက်သွားပြီး ကူးတယ်လို့မယုံဘဲ ယခုဘဝမှာလုပ်ခဲ့တဲ့ကောင်းမှုမကောင်းမှုအကျိုးဆက်ကနေ နောက်ဘဝဖြစ်တယ်လို့ ယုံကြည်တယ်။ ဤကားမှတ်ချက်။)


လူ့လောကမှာ ဒီအနတ္တသဘောတရား ပြုပြင်စီရင်ခြင်းခံရတဲ့သဘောတရား၊ လည်ပတ်ပုံကို ပဋိစ္စသမုပ္ပါဒ် နဲ့ ဖော်ပြတယ်။ ထူးခြားချက်တစ်ခုက (အစ္စလာမ့်သဘောနဲ့တူတာက) မြတ်ဗုဒ္ဓပွင့်ရာ အိန္ဒိယနိုင်ငံ အဇန္တလှိုဏ်ဂူ နံရံမှာ ရေးဆွဲထားတဲ့ သင်္ခါရတရားကိုဖော်ပြတဲ့ ပုံတွေမှာ အိုးထိန်းစက်၌ အိုးထိန်းသည်က အိုးတွပြေုလုပ်နေပုံကို ဖော်ပြထားတယ်။ ဒါပေမယ့် တိဗက်ရောက်တဲ့ ပန်းချီကားတွေမှာတော့ အိုးထိန်းသည်ကို မတွေ့ရတော့ဘူး။ အလားတူ ဂျပန်ရောက်တဲ့ ပန်းချီကားတွေမှာလည်း အိုးထိန်သည်ကို မတွေ့ရဘူး။ (Mrs Rhys David- Buddhist Origin) 

ဒါကို ကြည့်ရင် အိုးထိန်းသည် တနည်းအားဖြင့် ထာဝရဘုရား ရှိခြင်းက အနတ္တဝါဒကို သတ်မှတ်တာဖြစ်နိုင်သလို လူအပါအဝင်စကြာဝဠာခပ်သိမ်းရဲ့ မြဲမြံခြင်း မမြဲခြင်း၊ အစဉ်သဖြင့် ရှိခြင်း မရှိခြင်း၊ လူရဲ့အပြည့်အဝစွမ်းနိုင်ခြင်း မစွမ်းနိုင်ခြင်း စတာတွေကိုသုံးသပ်ပြီးလည်း အနိစ္စ၊ နိစ္စ၊ အနတ္တ၊ အတ္တ သတ်မှတ်နိုင်တာကို သတိထားမိမယ်။ တနည်းအားဖြင့် လူကို အထူးပြုပြီး အနတ္တကို အဓိပ္ပါယ်ဖွင့်ရင် အခြားဘာသာတရားတွေမှာ လူကို ကြည့်ပြီးသုံးသပ်ရမယ်။ ကိုယ့်ဆီမှာ လူရဲ့ အနေအထားကို သုံးသပ်ရင် တခြားတစ်ဘက်မှာလည်း ထပ်တူညီတဲ့ လူရဲ့အနေအထားကိုပဲသုံးသပ်သင့်တယ်။တစ်ချို့ကတော့ ဗုဒ္ဓဘာသာမှာ လူက အနတ္တလို့ယူတယ်။ အစ္စလာမ်ဘာသာမှာ လူက အခုပြောပြတော့ အနတ္တတော့ ဟုတ်ပါပြီ ဒါပေမယ့် ထာဝရဘုရားရှိနေတော့ အတ္တလို့ဆိုဦးမယ် ဆိုရင် နှိုင်းယှဉ်တာထပ်တူမကျတာကို သတိပြုရမယ်။ အိနိ္ဒယလှိုဏ်ဂူကပန်းချီ ဥပမာကို ကြည့်ရင် အိုးထိန်းသည်ပါပြီး အနတ္တဝါဒကို ဖော်ပြနိုင်တာကို သတိထားမိမယ်။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာသဘောတရားအရအနတ္တဝါဒကို အစ္စလာမ်မှာလည်းအလားတူ တွေ့နိုင်တာကို သတိပြုမိပါလိမ့်မယ်။

အောင်သန်းလွင်
(စာရေးသူ၏ ကိုယ်ပိုင်အမြင်သာ...။)