Monday, December 17, 2018

လူ့စွမ်းဆောင်မှုအပေါ်အားထားခြင်းနှင့် ဘာသာတရား

သက်ရှိသတ္တဝါတွေအားလုံးမှာ စွမ်းဆောင်နိုင်မှုစွမ်းအားတွေရှိကြတယ်။ ခန္ဓာကိုယ်ကြီးတဲ့ ကျွဲ၊နွား၊ဆင် တွေဟာလည်း ခန္ဓာအားအလျှောက်စွမ်းအားရှိကြသလို သမင်၊ဒရယ်၊ကျား၊ခြင်္သေ့စသည်တို့ဟာ လျှင်မြန်၊ ဖျတ်လတ်၊ သွက်လက်မှုစတဲ့ စွမ်းအားတွေရှိကြတယ်။ လူသတ္တဝါမှာလည်း သတ္တိ၊လုံ့လ၊ ဉာဏ်ပညာ စတဲ့ စွမ်းရည်စွမ်းအားတွေရှိတယ်။ သတ္တဝါတွေရဲ့ စွမ်းအားတွေဟာ လိုအပ်တဲ့နေရာပေါ် အချိန်အခါပေါ်မူတည်ပြီး ချင့်ချိန်ပြီး အသုံးချနိုင်၊ အတိုးအအလျော့လုပ် ချိန်ညှိုနိုင်တယ်။ ရုပ်ဝတ္ထုတွေမှာတော့ စွမ်းအင်တွေရှိကြပြီး ယေဘူယျအားဖြင့် တစ်သမတ်သဘောဆောင်ကြတယ်။ သံလိုက်စွမ်းအား၊ မြေဆွဲအား၊ လျှပ်စစ် နဲ့ အပူစွမ်းအင် စတာတွေကို ဆိုလိုချင်တယ်။ ဒီစွမ်းအင်တွေရဲ့ အတိုးအလျော့ဟာ လူတွေဒါမှမဟုတ် ပတ်ဝန်းကျင်အကြောင်းတရားတွေက သက်ရောက်လို့သာ အပြောင်းအလဲဖြစ်နိုင်တယ်။ သူတို့ဖာသာကိုယ်တိုင်ချိန်ညှိုနိုင်ခြင်းမရှိကြဘူး။ သက်မဲ့တွဖြေစ်ကြတာကြောင့်ဖြစ်တယ်။

သက်ရှိသတ္တဝါတွေမှာ စွမ်းရည်တွေရှိတဲ့အလျှောက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စေ့ဆော်မှုတွေနဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေကို ရရှိအောင်လုပ်ဆောင်ကြတယ်။ တိရစ္ဆာန်တွေကတော့ သူတို့တည်ဆောက်ပုံဉာဏ်ရည်အပေါ်မူတည်လို့ ထင်ရှားတဲ့အကန့်အသတ်တစ်ခုထဲမှာ စွမ်းဆောင်နိုင်ကြတယ်။ လူသားကတော့ ဉာဏ်ရည်နဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်ဟာ အံ့မခန်း ကြီးမားလွန်းလို့ သိသာမြင်သာတဲ့ အကန့်အသတ်အတွင်းမှာမရှိဘူး။ လူသားရဲ့လုပ်ဆောင်နိုင်မှုဟာ အဆုံးမရှိကျယ်ပြောတယ်လို့တောင် ထင်မြင်ရတယ်။ ဒါပေမယ့် အို၊နာ၊သခြေင်း မကင်းတဲ့ ရုပ်ခန္ဓာနဲ့ ထာဝရမတည်မြဲနိုင်တဲ့ ရုပ်လောကကို မှီခိုရတဲ့ လူသားဟာ အကန့်အသတ်မဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်တော့ မရှိနိုင်ဘူးဆိုတာ ထင်ရှားသိသာပါတယ်။ သူ့ရဲ့စွမ်းဆောင်မှုဟာ ဘယ်နေရာမှာ ရပ်တံ့မလဲဆိုတာမသိနိုင်ပေမယ့် ဘောင်တစ်ခုမှာတော့ အဆုံးသတ်ရမှာဖြစ်တယ်။

[© Dave Cutler/Images.com]
တစ်ဦးတစ်ယောက်ဟာ မိမိလိုချင်တောင့်တတဲ့အရာကို ရရှိအောင် ကြိုးပမ်းရာမှာ စွမ်းရည်၊ စွမ်းအားတွေကို အသုံးချတယ်။ ဒီနေရာမှာ ဘာသာတရားတစ်ခုခုကို သက်ဝင်ယုံကြည်သူ (သို့) ထာဝရဘုရားကို သက်ဝင်ယုံကြည်သူနဲ့ ဘာသာတရားတစ်ခုကိုမှ သက်ဝင်ယုံကြည်ခြင်းမရှိသူတို့ဟာ အပေါ်ယံလုပ်ဆောင်မှုခြင်း တူလေ့ရှိကြပေမယ့် သူတို့ရဲ့ စွမ်းရည်၊ စွမ်းအားတွေအပေါ်မှာ အားကိုးအားထားပြုကြတဲ့အခါ စိတ်ပိုင်းဆိုင်ရာအလေးအနက်ပြုပုံ၊ အတိမ်အနက်မတူကြဘူး။ ဘာသာတရားတစ်ခုခုကို ယုံကြည်ခြင်းမရှိသူ တစ်နည်း ထာဝရဘုရားမဲ့ဝါဒသမားတွေမှာ သူတို့ရဲ့ ရုပ်ခန္ဓာ၊ စိတ်ခန္ဓာတွေရဲ့ စွမ်းအားတွေကို အဆုံးအစွန်ဆုံး အားကိုးအားထားရာအဖြစ်မှတ်ယူကြပြီး အားထုတ်မှုကို ပြုလုပ်ကြတယ်။ တစ်နည်းအားဖြင့် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်သူ၊ ဖန်တီးသူအဖြစ်မှတ်ယူကြတယ်။ သူတို့ဆီမှာ ဘာမဆိုဖြစ်အောင်လုပ်လို့ရနိုင်တယ်ဆိုတဲ့ စိတ်တစ်မျိုးရှိကြတယ်။ ကြိုးစားအားထုတ်ရင် ဘာမဆိုဖြစ်နိုင်တယ်။ ရနိုင်တယ် ဆိုတဲ့စိတ်ရှိကြတယ်။ သူတို့အတွက်သင်တစ်ခုခုကို မရရှိဘူးဆိုတာဟာ သင်ရဲ့ကြိုးစားအားထုတ်မှုမှာ ချို့ယွင်းတာသက်သက်အကြောင်းကြောင့်ဖြစ်တယ်လို့မှတ်ယူကြတယ်။

ဘာသာတရားတစ်ခုခုကို ယုံကြည်သူတွေနဲ့ ထာဝရဘုရားယုံကြည်သူတွေမှာတော့ မိမိရယူလိုတဲ့အရာတွေကို ရရှိအောင်ကြိုးစားတဲ့နေရာမှာ မယုံကြည်သူတွေနည်းတူ စွမ်းရည်၊ စွမ်းအားတွေကို ထပ်တူ အကောင်းဆုံးအသုံးချကြပေမယ့် ဒီစွမ်းရည်ကြိုးပမ်းအားထုတ်မှုတွေကို အဆုံးအစွန်ဆုံး အားကိုးအားထားရာအဖြစ်တော့မမှတ်ယူကြဘူး။ သူတို့ဟာ သူတို့ရဲ့ စွမ်းရည်တွေနဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ အထက်မှာ နှလုံးသွင်းမှုတစ်ခုထည့်ထားကြသေးတယ်။ အဲ့ဒါက ထာဝရဘုရားသခင်ဟာ ကြိုးပမ်းအားထုတ်မှုရဲ့ အသီးအပွင့်ကို ပေးတဲ့ကမ္ဘာကိုတော့ ဖန်တီးထားတယ် ဒါပေမယ့် ဒီရလာဒ်တွေရဲ့အဆုံးအစွန်ဆုံးပဲ့ကိုင် ဖန်တီးသူကတော့ ဒီစနစ်တစ်ခုလုံးကို ဖန်ဆင်းထားတဲ့ ထာဝရဘုရားရှင်ရဲ့ လက်ထဲမှာရှိတယ်လို့ မှတ်ယူနှလုံးသွင်းကြတာပဲဖြစ်တယ်။ ဒီလိုအားဖြင့် သူတို့ဟာ မိမိစွမ်းရည်သတ္တိတွေအပေါ်အလုံးစုံအားကိုးအားထားမှုကို စွန့်လွှတ်ပြီး ကိုယ့်သဘောကိုယ်ဆောင်ဖြစ်ရခြင်းအစား သူ့သဘောသူ့အလိုအတိုင်းနာခံရခြင်းကို ပိုပြီးလက်သင့်ခံလိုက်ကြတယ်။ ဒါကြောင့်သူတို့ဟာ ကိစ္စရပ်တွေကို လုပ်ဆောင်ရမယ့်နည်းလမ်းအတိုင်း အကုန်အပြည့်အစုံလုပ်ဆောင်ပြီးတဲ့အခါမှာ ဘုရားသခင်အလိုရှိပါစေ (God willing) ဆိုပြီးလုပ်ဆောင်မှုရဲ့ရလာဒ်ကို သူ့သဘောအတိုင်းဖြစ်စေတယ်။ အစ္စလာမ်ဘာသာမှာ ဒီသဘောကို ဖော်ကျူးဖို့အတွက် သက်ဝင်ယုံကြည်သူတွေကို "မွတ်စလင်" လို့နာမည်ပေးထားတယ်။ မွတ်စလင်ဆိုတာ ထာဝရဘုရားရဲ့အလိုကို " နာခံသူ " လို့အဓိပ္ပါယ်ရတယ်။ ဒီနေရာမှာ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်ကို ထာဝရဘုရားယုံကြည်သူတွေမှာကော၊ မယုံကြည်သူတွေထဲမှာပါ ဆွတ်ခူးရယူနိုင်ကြတာကိုသတိပြုရပါမယ်။ နယ်ပယ်အသီးသီးက ပညာရပ်ထူးချွန်သူတွေ၊ သိပ္ပံပညာရှင်တွေ အိုင်းစတိုင်း၊ နယူတန်လို့ ထာဝရဘုရားယုံကြည်သူတွေရှိသလို၊ သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းလို့ ထာဝရဘုရားမယုံကြည်သူတွေလည်းရှိပါတယ်။

တကယ်တော့ ဘာသာတရားတစ်ခုခုကိုယုံကြည်သူတွေမှာ မိမိလုပ်ဆောင်မှုကို အဆုံးအစွန်ဆုံးအားထားရာအဖြစ်မမှတ်ယူကြဘူးလို့ ကျွန်တော်လေ့လာမိသလောက် သတိပြုမိတယ်။ ခရစ်ယာန် သမ္မာကျမ်းစာမှာ အလားတူ ကြိုးပမ်းအားထုတ်မှုသက်သက်ဟာ ယုံကြည်သူတစ်ဦးအတွက် အဆုံးအစွန်ဆုံးအားထားရာ မဟုတ်ကြောင်း ရောမသြဝါဒစာစောင် အခန်းကြီး (၉) အခန်းငယ် (၁၆)မှာ ခုလိုဖတ်ရှုရလိမ့်မယ်။ 
" ထို့ကြောင်လိုချင်သောသူသည် တတ်နိုင်သည်မဟုတ်။ ပြေးသောသူသည် တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏"

ဒါ့အပြင် ဗုဒ္ဓဘာသာမှာလည်း " အတ္တာဟိအတ္တာနော နာထော" မိမိကိုယ်မှအပအားကိုးအားထားရာမရှိဆိုတာ ကြိုးစားအားထုတ်မှုဟာ မိမိကံကြမ္မာကို ပြုပြင်တည့်မတ်နိုင်၊ လိုချင်တဲ့အရာတွေကို ရရှိအောင်စွမ်းနိုင်ဖို့အကြောင်းခံဖြစ်တယ်ဆိုထားပေမယ့် ဝိပဿနာဉာဏ်စဉ်ဖြစ်တဲ့ " အနတ္တ " အစိုးမရခြင်း တစ်နည်း ကိုယ့်သဘောအတိုင်းမဖြစ်ဘဲ သူ့သဘောသူဆောင်ဖြစ်ပျက်ခြင်းကိုလက်ခံနှလုံးသွင်းခြင်းဟာ ပိုအဆင့်မြင့်တဲ့ နှလုံးသွင်းမှုဖြစ်နပြေန်တယ်။ ကိုယ့်ကိုယ်ကို အဆုံးစွန်အထိအားထားခြင်းမှာ မာနတရားကျန်ရှိနေနိုင်တယ်။ မဟာစည် ဆရာတော်ဘုရားကြီးက 'အသ္မိမာန' လို့ခေါ်တဲ့ မာနတရားပျောက်ရအောင် အနတ္တလက္ခဏာသုတ်ကို မြတ်ဗုဒ္ဓဟောတယ်လို့ဆိုတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ ထာဝရဘုရားကိုးကွယ်သူတစ်ဦးလိုပဲ ကြိုးပမ်းအားထုတ်မှုတွေရှိကြပေမယ့် ကြိုးပမ်းမှုအပေါ်အဆုံးအစွန်ဆုံးအားကိုးအားထားမပြုနိုင်ဘဲ သူ့သဘောသူဆောင်ဖြစ်ပျက်တာ (အနတ္တသဘော) ကို အန္ဓိမနှလုံးသွင်းလက်ခံရတယ်။

လူ့စွမ်းရည်နဲ့ကြိုးစားအားထုတ်မှုတွေကို ဘာသာတရားယုံကြည်သူတွေနဲ့ ဘာသာတရားတစ်ခုခုကို ယုံကြည်ခြင်းမရှိသူတွေမှာ ဘယ်လောက်အတိုင်းအတာထိ အားကိုးအားထားပြုကြသလဲဆိုတာကို သုံးသပ်စဉ်းစားမိတာပါ။ ဖတ်ရှုတဲ့အတွက်ကျေးဇူးပါ။

အောင်သန်းလွင်
ကိုးကား - အရှင်နန္ဒမာလာဘိဝံသ (Ph. D) - အနတ္တလက္ခဏသုတ် အနှစ်ချုပ် တရားဒေသနာတော်