Showing posts with label အစ္စလာမ်. Show all posts
Showing posts with label အစ္စလာမ်. Show all posts

Tuesday, September 8, 2020

ကံ ကံ၏အကျိုးကြောင့်ဖြစ်ခြင်း နှင့် ဘုရားသခင်အလိုအတိုင်းဖြစ်ခြင်း

ဗုဒ္ဓဘာသာတွင် လူ့သဘာဝ၊ လူ့ဖြစ်စဉ်ကို "ကမ္မနိယာမ လမ်းစဉ်" ဖြင့်ဖော်ပြပါသည်။ လူတို့၏ ချမ်းသာ ဆင်းရဲကို မိမိတို့ ပြုသော ကံတရား၊ ကောင်းမှု၊ မကောင်းမှုအပေါ်အခြေခံပြီး ဖြစ်ကြရသည်ဟု ဖော်ပြကြပါသည်။ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ၊ ကံသာလျှင် အားကိုးရာဟု ခံယူယုံကြည်ကြပါသည်။ အစွမ်းကုန် အနေဖြင့် ကံအပေါ်တွင် ယုံကြည်အားထားကြပါသည်။ ဗုဒ္ဓဘာသာတွင် စရဏသည်သာ အဓိကဖြစ်ပါသည်။

အစ္စလာမ်ဘာသာ၌မူကား ကမ္မလမ်းစဉ်ကို လုံးဝမပယ်သော်လည်း အစွမ်းကုန်အနေဖြင့် ကံသာလျှင် အမိ၊ ကံသာလျှင် အဖ၊ ကံသာလျှင် အားကိုးအားထား တစ်ခုအနေဖြင့် မယုံကြည်ကြဘဲ၊ အလုံးစုံအပေါ်လွှမ်းမိုးချုပ်ကိုင်လျှက်ရှိသော တစ်ဆူတည်းသော ထာဝရဘုရား (ဘဂဝါ) အလ္လာအရှင်အပေါ်၌သာလျှင် လုံးဝယုံကြည်အားထားကြပါသည်။

လူသားသည် မိမိဘာသာ ရွေးချယ်၍ အကောင်းအဆိုးကို ပြုလုပ်နိုင်ခွင့်ရှိပါသည်။ ဗုဒ္ဓတရားတော်၌ လူ၏အကောင်း၊ အဆိုး ပြုမူချက်ကို အကြောင်းပြု၍ ထိုအတိုင်း အကျိုးရလာဒ်ဖြစ်ပေါ်မည်ဟု တထစ်ချယုံကြည်ကြပါသည်။ အစ္စလာမ်ဘာသာ၌ကား မိမိရွေးချယ်၍ ပြုလုပ်သော ပြုမူချက် အကောင်းအဆိုးကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အကျိုးဆက်သည် လူကို အကြောင်းခံသော်လည်း နောက်ဆုံး အကျိုးရလဒ်မှာ ဘုရားသခင်အလိုတော်အတိုင်း ဖြစ်ရသည်ဟု ယုံကြည်ကြပါသည်။

ဥပမာဆိုသော် ဗုဒ္ဓဘာသာအလိုအရ ကျောင်းသားတစ်ဦးသည် စာကို အပြင်းအထန်ကြိုးစား ကျက်မှတ်ဖြေဆိုလျှင် ကြိုးပမ်းအားထုတ်မှု အကြောင်းအားလျော်စွာ အကျိုးအဖြစ်စာမေးပွဲ မုချအောင်မည်ဟု ယုံကြည်ပါသည်။ ဘောလုံးကစားသမားတစ်ဦးသည်လည်း အပြင်းအထန်ကြိုးစာ၍ ဂိုးသွင်းလျှင် ဂိုးဝင်၍ ဧကန်မလွဲဂိုးရသည်ဟု ယုံကြည်ပါသည်။

အစ္စလာမ်ဘာသာအလိုအရမူ ကျောင်းသားတစ်ဦးသည် အပြင်းအထန်ကြိုးစား ကျက်မှတ်ဖြေဆိုသော်လည်း အောင်/ရှုံး ရလဒ်မှာ နောက်ဆုံး အကြီးအချုပ်ဖြစ်သော စာစစ်မှုးချုပ်၏ အလိုအတိုင်းဖြစ်ပေါ်လာသော အဆုံးအဖြတ်သာဖြစ်ပါသည်။ ထိုကျောင်းသား၏ အဆုံးအဖြတ်မဟုတ်ပါ။ အလားတူ ဘောလုံးကစားသမား၏ ဂိုးရလဒ်မှာလည်း နောက်ဆုံးအကြီးအချုပ်ဖြစ်သော ဒိုင်လူကြီး၏ အဆုံးအဖြတ်သာဖြစ်ပါသည်။ ထိုသဘောတရားမျိုးအတိုင်းပင် အစ္စလာမ်ဘာသာတရားတော်များတွင် လူသား၏ပြုလုပ်ကြိုးပမ်းမှုမှန်သမျှ၏ နောက်ဆုံးအကျိုးရလဒ်မှာ လူသားကိုအကြောင်းခံပါသော်လည်း အကြီးအချုပ်ဖြစ်သော ထာဝရဘုရားသခင်အလိုအတိုင်းသာလျှင် ဖြစ်ရသည်ဟုယုံကြည်ကြပါသည်။ 

ထို့ကြောင့် ဗုဒ္ဓဘာသာတရားတော်၌ အကြီးအချုပ်ဖြစ်သော ထာဝရဘုရား မရှိဟု ယုံကြည်သဖြင့် မိမိတို့၏ ကံ (ဝါ) စရဏတစ်ခုတည်းကိုသာ ယုံကြည်အားကိုးပြုစရာရှိပါသည်။ ထိုအတိုင်းပင် ယုံကြည်ထားကြပါသည်။ အကျင့်စရဏတစ်ခုတည်းဖြင့် နိဗ္ဗာန်ပန်းတိုင်ကို ရောက်အောင် ကျင့်ကြံနိုင်ပါသည်။ အစ္စလာမ်ဘာသာ၌ကား အကြီးအချုပ်ဖြစ်သော ထာဝရဘုရားရှင် အလ္လာဟ်အရှင်မြတ်ရှိနေကြောင်း ယုံကြည်ထားကြ၍ စရဏအကျင့်တစ်ခုတည်းကိုသာ အားကိုးမပြုဘဲ စရဏနှင့် ထာဝရဘုရားသခင်ထံ ရှိခိုး၊ဆုတောင်းပတ္ထနာပြုမှုကို တွဲ၍ အားထုတ်ကြမှ လူ၏ပန်းတိုင်သို့ရောက်ရှိနိုင်မည်ဟု ယုံကြည်ထားကြပါသည်။ ကံ ကံ၏အကျိုးကိုယုံကြည်ခြင်းသည် ဗုဒ္ဓဘာသာ၏ သမ္မာဒိဌိဖြစ်သကဲ့သို အစ္စလာမ်ဘာသာတွင် စရဏနှင့် ဆုတောင်းပတ္ထနာ တွဲထားသောယုံကြည်မှုကို သမ္မာဒိဌိအယူဟု ယုံကြည်ပြီး ထိုအယူမျိုးရှိမှသာလျှင် လူသား၏ပန်းတိုင်ဖြစ်သော အစ္စလာမ့်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြလိမ့်မည်ဟု ခံယူထားကြပါသည်။

Thursday, December 3, 2015

အနတ္တဝါဒကို နားလည်ကြည့်မိခြင်း

လူတွေမှာ ဝါသနာတစ်မျိုးစီ ဒါမှမဟုတ် တစ်မျိုးထက်ပိုရှိတတ်ကြတယ်။ စာဖတ်တာ၊ ခရီးသွားတာ၊ ရုပ်ရှင်ကြည့်တာ၊ ရေကူးတာ စသဖြင့် ...။ ကိုယ့်မှာလည်း ဝါသနာတစ်ချို့ရှိတဲ့အထဲက ဘာသာရေးစာပေတွေ၊ လူ့သမိုင်းတွေမှာ စိတ်ဝင်စားတယ်။ ပြောရရင်ပိုသိချင်တယ်။ ဘာသာရေးစာပေတွေကို ဖတ်ရတာလေ့လာရတာ ဝါသနာပါလို့ သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ စကားဆက်စပ်ပြောဖြစ်တယ်။ ဘာသာရေးကိုင်းရှိုင်းတာနဲ့ စာပေအကြောင်းအရာတွေ စိတ်ဝင်စားတာနဲ့တော့ အတိအကျကြီး ထပ်တူမကျပါဘူး။ တစ်ခါတစ်လေ ကိုယ်သိထားတာလေးတွေမျှဝေတယ်။ တစ်ခါတစ်လေ တခြားသူတွေသိထားတာ နားထောင်တယ်။ ဘာသာရေးအကြောင်းအရာတွေဟာ တစ်ခါတစ်လေ ပြောလေ့ပြောထရှိတဲ့တခြားအကြောင်းအရာတွေလိုပဲ ရံဖန်ရံခါ အပြန်အလှန်ပြောရမယ့် အကြောင်းအရာတစ်ခုဖြစ်တယ်လို့မြင်မိတယ်။ စကားပြောဖြစ်တဲ့သူငယ်ချင်းတွေနဲ့တော့ အပြန်အလှန်လေးစားမှုတစ်ခုရခဲ့တယ်၊ နားလည်မှုတစ်ချို့ရခဲ့တယ်။ တစ်ချို့ကတော့ ဘာသာရေးတွေမပြောတာ ကောင်းတယ်တဲ့ ...။

ဗုဒ္ဓဘာသာဝင်တွကြေားထဲနေလာ၊ စာအုပ်တွေဖတ်၊ တရားတွေနားစိုက်မထောင်လည်း အလိုလိုကြားနေရတော့ ဗုဒ္ဓဘာသာအကြောင်းအတန်အသင့်တော့ သိနားလည်တယ်။ ကိုယ်က အစ္စလာမ်ဘာသာအဖြစ်မွေးလာတော့ အရွယ်ရလာတာနဲ့အမျှ နားလည်လာတဲ့အချိန်မှာ ကိုယ်သိထားတဲ့အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာသဘောတရားလေးတွေမှာ ချိန်ထိုးနားလည်ကြည့်တတ်လာတယ်။ ဗုဒ္ဓဘာသာဝင်အများစုက ဘုန်းတော်ကြီးတွေ မကြာခဏတရားဟောတဲ့အပေါ်အခြေခံပြီး အစ္စလာမ်ဘာသာ/ခရိယာန်ဘာသာတွေဟာ ဟိန္ဒူဘာသာလိုပဲ အတ္တဝါဒလို့ သိထားကြတယ်/မြင်ထားကြတယ်။ ဘာလို့ဒီလိုမြင်ထားကြတာလဲ ? အစ္စလာမ်ဘာသာတရားမှာ သူ့ဘာသာဖြစ်တည်နေတဲ့ ဒါမှမဟုတ် ဖန်ဆင်းခံရတဲ့ ဝိညာဉ်ကောင် (သို့) အတ္တကောင်လေး လူတိုင်းမှာရှိနေတယ် ထင်မှတ်ထားကြလို့ပါပဲ။ ဒါကို အခြေခံပြီး အစ္စလာမ်ဘာသာဟာ မိစ္ဆာဒိဌိတစ်မျိုးဖြစ်တယ်။ ဘယ်အမျိုးအစားထဲပါသလဲလို့ဆိုရင် သဿတဒိဌိလို့ဆိုတယ်။ သဿတဒိဌိရဲ့ အဓိပ္ပါယ်ကို မဟာဂန္ဓာရုံဆရာတော်ကြီးက ခုလိုရှင်းပြတယ်။ 

"သေလျှင်မပြတ်ဘူး၊ ဒိဌိတော့ ဒိဌိပဲ၊ သူက ဟိုဘက်ဘဝရှိသေးတယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးရလိမ့်မယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးရလိမ့်မယ်။ သဿတဒိဌက အယူတော့ မှားတယ်။ ဘယ်လိုမှားတုန်းဆို ခန္ဓာကိုယ်ထဲမှာ အကောင်လေးရှိတယ်။ ဒီအကောင်လေးက ဟိုဖက်လိုက်သွားတယ်။ ဒါကြောင့်အကောင်ကလေးရှိတယ်ဆိုတော့ မှားသွားတာ။ နောက်ဘဝရှိတယ်လို့ ယုံတာ မိစ္ဆာဒိဌိမဟုတ်၊ အကောင်လေး၊ အသက်ကောင်ကလေး၊ ဝိညာဉ်ကောင်ကလေး၊ အတ္တကောင်ကလေးရှိတယ်လို့ ဒီလိုယူထားလို့ အယူမှားပြီး မိစ္ဆာဒိဌိဖြစ်တာ"

အင်းဒီလိုဆိုတော့ ဟုတ်ပြီ။ ဘာလို့ဒီလိုအတ္တကောင်လေးရှိနခြေင်းက ဒိဌိအယူမှားခြင်းဖြစ်ရတာလဲ စဉ်းစားကြည့်မယ်။ အကြောင်းက မပျက်မစီးဘဲ ဘဝတစ်ခုကနေတစ်ခု ကူးပြောင်းလှည့်ပတ်နေတဲ့ အတ္တကောင်လေးဟာ အင်္သာရ (မြဲမြဲခြင်း) သဘောဆောင်နေလို့ပဲ။ မြဲတဲ့အရာ၊ မပျက်မစီးတဲ့အရာ၊ ကောင်းမှု၊ မကောင်းမှုကို အပြည့်အဝလုပ်ဆောင်နိုင်တဲ့ အရာ၊ ကံ, ကံ၏အကျိုး - လုပ်ကိုင်တယ် လုပ်တဲ့အတိုင်းဖြစ်တယ်၊ မုချစွမ်းဆောင်နိုင်တယ်လို့ ယုံကြည်ခြင်းအရာတွေဟာလည်း အတ္တသဘောဖြစ်တယ်။ ဒီနေရာမှာ အနတ္တရဲ့ အဓိပ္ပါယ်က ကိုယ်အလိုအတိုင်းမဖြစ်ဘဲ သူ့သဘောအတိုင်းဖြစ်ခြင်း- တစ်နည်းအားဖြင့်သူ့သဘောသူဆောင်ဖြစ်ခြင်းကို နာခံရခြင်းလို့ဆိုလိုတာကို သိထားရမယ်။ အတ္တဝါဒကို ရည်ညွှန်းတဲ့ မြတ်ဗုဒ္ဓရဲ့ သုတ္တန်တစ်ခုမှာ ခုလိုတွေ့ရတယ် .. " မသင့်သောအားဖြင့် နှလုံးသွင်းသောသူအား ငါ၏ကိုယ်သည် ပြောဆိုစီရင်တတ်၏။ သိတတ်၊ ခံစားတတ်၏။ ကောင်းမှု၊ မကောင်းမှု၏ အကျိုးကို ခံစားရ၏။ အခါခပ်သိမ်းရှိ၏။ ဖောက်ပြန်ခြင်းမရှိ။ မြကြေီး မြင်းမိုရ်တောင် လ၊ နေ တို့ကဲ့သို့ အမြဲတည်သည်ဟူသော အယူသည်ဖြစ်၏။ " (မဇ္ဈိမနိကာယ်၊ သဗ္ဗာသဝသံဝရသုတ်) 

ဒီအထက်ကသုတ္တန်ကို ဟိန္ဒူဝါဒ ဥပါဒ်နိသျှကျမ်းက အတ္တဝါဒကိုထောက်ပြတယ်လို့လည်းဆိုကြတယ်။ ဒါဆို တကယ်ပဲ အစ္စလာမ်ဘာသာမှာ အဲ့ဒီလိုမပျက်မစီးဘဲ မြဲမြံနေတဲ့ အတ္တကောင်တစ်ကယ်ပဲရှိသလား ? တကယ်တော့ ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်ရင် အစ္စလာမ်ဘာသာမှာ လူသားဟာ (ရုပ်ကော၊စိတ်ဝိညာဉ်) ပါ ဖန်ဆင်းခြင်းခံရတယ်လို့ဆိုပြီးသားဖြစ်တယ်။ မရှိရာကနေ ရှိရာကို ဖန်ဆင်းခံရတဲ့အရာ ဒါမှမဟုတ် အစရှိတဲ့အရာဟာ အဆုံးမရှိဘဲ ဒါမှမဟုတ် မပျက်မစီးဘဲ အမြဲတည်နေပါ့မလား ? ဒါဟာ မဖြစ်နိုင်ပါဘူး။ အစ္စလာမ်ဘာသာမှာ ရုပ်နဲ့စိတ်နှစ်မျိုးကိုပဲ အဓိကထားပြောပြတယ်။ ရုပ်နဲ့စိတ်ဝိညာဉ်က ဘယ်လိုမျိုးလဲ? အလွယ်ကူဆုံးဥပမာပေးရရင် စိတ်ထဲမကျေမနပ်ဖြစ်ပေမယ့် ပြုံးပြရတဲ့အခါကို စဉ်းစားကြည့်၊ ရုပ်ကပြုံးနေပေမယ့် စိတ်က မကျေနပ်ဘူး။ စိတ်နဲ့ ရုပ်သဘောကို မြင်သွားပြီ။ ဒါပေမယ့် စိတ်နဲ့ ရုပ်ဟာ အစ္စလာမ်ဘာသာအလိုအရ သီးခြားစီမဟုတ်ဘူး။ တစ်နည်းပြောရရင် ရုပ်ခန္ဓာမရှိဘဲ စိတ်ဟာ သီးခြားမရပ်တည်နိုင်ဘူး။ စိတ်ကလည်း တဖန် ခန္ဓာကိုယ် အနောက်ကိုလိုက်တယ်။ တကယ်လို့ ခန္ဓာကိုယ်ရုပ်ကြီးက ရှေ့ကိုတိုးသွားမယ်ဆိုရင် စိတ်ကလည်း ခန္ဓာကိုယ် ရွေးလျားမှုနဲ့အတူပါသွားတာပဲ။ (လူရထားပေါ်ပါသွားရင်၊ စိတ်လည်း ရထားပေါ်သွားတယ်)။ နောက်အစ္စလာမ့်သဘောတရားတစ်ခုက စိတ်နဲ့ရုပ်ဟာ အပြန်အလှန်သက်ရောက်မှုရှိတယ်။ ဥပမာ လူတစ်ယောက်က စိတ်မှာ ဝမ်းနည်းခြင်းကို ခံစားရတဲ့အခါ ရုပ်ခန္ဓာမှာ မျက်ရည်ကျလာတယ်။ စိတ်ကနေ ရုပ်ခန္ဓာကို သက်ရောက်တာ။ နောက်အပြန်အလှန်အနေနဲ့ အကြောင်းတစ်ခုခုကြောင့် ဦးခေါင်းကို ခိုက်မိထိခိုက်ဒဏ်ရာရမယ်ဆိုရင် စိတ်ဝိညာဉ်မှာ မေ့လျော့တာ၊ မှတ်ဉာဏ်ဆုံးရှုံးတာတွဖြေစ်နိုင်တယ်။ ဒါက ရုပ်ကြောင့် စိတ်ဝိညာဉ်မှာ သက်ရောက်မှုဖြစ်တာ။ ဒါဟာ ဘယ်လောက်တောင်ထင်ရှားသလဲဆိုရင် တကယ်လို့ လူဟာအသက်ကြီးလား ရုပ်ခန္ဓာဟာ အလွန်အမင်းအိုမင်းလာရင် စိတ်ကလည်း အိုမင်းမစွမ်းနိုင်တော့ဘူး။ သတိမေ့တတ်လာတယ်။ စိတ်အားလျော့လာတယ်။ အားငယ်တတ်လာတယ်။ တစ်ချို့လူကြီးတွေမှာ သူငယ်ပြန်လာတယ်။ နောက်ဆုံးရုပ်ခန္ဓာသေဆုံးတဲ့အချိန်မှာတော့ အစ္စလာမ့်သဘောအရ စိတ်ဝိညာဉ်ပါသေဆုံးသွားတယ်။ အစ္စလာမ်မှာ သေဆုံးသွားတဲ့ ရုပ်ခန္ဓာကို မြမြေုပ်တယ်။ ဒါနဲ့အတူ တနည်းအားဖြင့် စိတ်ဝိညာဉ်ပါ မြမြေုပ်ခံရပြီး ပျောက်ဆုံးသွားပြီဖြစ်တယ်။ ဘာအတ္တကောင် ဘာဝိညာဉ်မှမရှိတော့ဘူး။ ကျမ်းမြတ်ကိုရ်အာန်မှာ အသက်အရွယ်ကြီးရင့်လာတာနဲ့ စိတ်ကလည်းအားနည်းလာမယ်ဆိုတာကို ခုလိုဖော်ပြထားတယ် " ကြီးရင့်သောအရွယ်၌ လူသည် တစ်ခုသောအဆင့်သို့ရောက်ရှိ၏။ ထိုအဆင့်၌သူသည် ယခင်ကရရှိပြီးသော အသိပညာများအားလုံးကို ဆုံးရှုံးရလေသည်။ " (ကိုရ်အာန် - ၂၂း၅)

ဒါတင်မက ကျမ်းတော်မြတ်ကိုရ်အာန်မှာ လူအပါအဝင် စကြာဝဠာခမ်သိမ်းအားလုံးဟာ မမြဲဘဲတစ်ချိန်မှာ ပျောက်ပျက်သွားမှာဖြစ်ပြီး ဘုရားသခင်တစ်ပါးတည်းသလျှင် ကျန်ရစ်မှာဖြစ်ကြောင်း မိန့်ကြားထားတယ်။ " ကမ္ဘာမြေပေါ်တွင် ရှိရှိသမျှသော အရာခပ်သိမ်းတို့သည် လုံးဝပျောက်ပျက်ရမည်သာတည်း။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဘုန်းတန်ခိုးကျက်သရေ ဂုဏ်အင်အပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်၏ မျက်နှာတော်သာလျှင် ကျန်ရှိနေတော်မူအံ့ " (ကိုရ်အာန် - ၅၅း၂၆-၂၇)

ဒါဆို နိဗ္ဗာန်တို့ ငရဲတို့ ကို သွားမယ့်သူတွေက ဘယ်လိုပြန်ဖြစ်လာမှာလဲ? ဘုရားရှင်က ဖန်ဆင်းခြင်း အသစ်တစ်ခုကိုပြုလုပ်မှာဖြစ်တယ်။ ဒီဖန်ဆင်းခြင်းက သူတို့လုပ်ခဲ့တဲ့ ကောင်းမှုမကောင်းမှုအကျိုးဆက်ကနေ ထပ်မံဖန်ဆင်းခြင်းဖြစ်တယ်။ (ဗုဒ္ဓဘာသာမှာ အလားတူ ဘဝကူးတဲ့အခါ ခန္ဓာကိုယ်ထဲကဝိညာဉ်ထွက်သွားပြီး ကူးတယ်လို့မယုံဘဲ ယခုဘဝမှာလုပ်ခဲ့တဲ့ကောင်းမှုမကောင်းမှုအကျိုးဆက်ကနေ နောက်ဘဝဖြစ်တယ်လို့ ယုံကြည်တယ်။ ဤကားမှတ်ချက်။)


လူ့လောကမှာ ဒီအနတ္တသဘောတရား ပြုပြင်စီရင်ခြင်းခံရတဲ့သဘောတရား၊ လည်ပတ်ပုံကို ပဋိစ္စသမုပ္ပါဒ် နဲ့ ဖော်ပြတယ်။ ထူးခြားချက်တစ်ခုက (အစ္စလာမ့်သဘောနဲ့တူတာက) မြတ်ဗုဒ္ဓပွင့်ရာ အိန္ဒိယနိုင်ငံ အဇန္တလှိုဏ်ဂူ နံရံမှာ ရေးဆွဲထားတဲ့ သင်္ခါရတရားကိုဖော်ပြတဲ့ ပုံတွေမှာ အိုးထိန်းစက်၌ အိုးထိန်းသည်က အိုးတွပြေုလုပ်နေပုံကို ဖော်ပြထားတယ်။ ဒါပေမယ့် တိဗက်ရောက်တဲ့ ပန်းချီကားတွေမှာတော့ အိုးထိန်းသည်ကို မတွေ့ရတော့ဘူး။ အလားတူ ဂျပန်ရောက်တဲ့ ပန်းချီကားတွေမှာလည်း အိုးထိန်သည်ကို မတွေ့ရဘူး။ (Mrs Rhys David- Buddhist Origin) 

ဒါကို ကြည့်ရင် အိုးထိန်းသည် တနည်းအားဖြင့် ထာဝရဘုရား ရှိခြင်းက အနတ္တဝါဒကို သတ်မှတ်တာဖြစ်နိုင်သလို လူအပါအဝင်စကြာဝဠာခပ်သိမ်းရဲ့ မြဲမြံခြင်း မမြဲခြင်း၊ အစဉ်သဖြင့် ရှိခြင်း မရှိခြင်း၊ လူရဲ့အပြည့်အဝစွမ်းနိုင်ခြင်း မစွမ်းနိုင်ခြင်း စတာတွေကိုသုံးသပ်ပြီးလည်း အနိစ္စ၊ နိစ္စ၊ အနတ္တ၊ အတ္တ သတ်မှတ်နိုင်တာကို သတိထားမိမယ်။ တနည်းအားဖြင့် လူကို အထူးပြုပြီး အနတ္တကို အဓိပ္ပါယ်ဖွင့်ရင် အခြားဘာသာတရားတွေမှာ လူကို ကြည့်ပြီးသုံးသပ်ရမယ်။ ကိုယ့်ဆီမှာ လူရဲ့ အနေအထားကို သုံးသပ်ရင် တခြားတစ်ဘက်မှာလည်း ထပ်တူညီတဲ့ လူရဲ့အနေအထားကိုပဲသုံးသပ်သင့်တယ်။တစ်ချို့ကတော့ ဗုဒ္ဓဘာသာမှာ လူက အနတ္တလို့ယူတယ်။ အစ္စလာမ်ဘာသာမှာ လူက အခုပြောပြတော့ အနတ္တတော့ ဟုတ်ပါပြီ ဒါပေမယ့် ထာဝရဘုရားရှိနေတော့ အတ္တလို့ဆိုဦးမယ် ဆိုရင် နှိုင်းယှဉ်တာထပ်တူမကျတာကို သတိပြုရမယ်။ အိနိ္ဒယလှိုဏ်ဂူကပန်းချီ ဥပမာကို ကြည့်ရင် အိုးထိန်းသည်ပါပြီး အနတ္တဝါဒကို ဖော်ပြနိုင်တာကို သတိထားမိမယ်။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာသဘောတရားအရအနတ္တဝါဒကို အစ္စလာမ်မှာလည်းအလားတူ တွေ့နိုင်တာကို သတိပြုမိပါလိမ့်မယ်။

အောင်သန်းလွင်
(စာရေးသူ၏ ကိုယ်ပိုင်အမြင်သာ...။)

Monday, December 15, 2014

အချို့မွတ်စလင်များမှ အမျိုးသမီးဆွေမျိုးများအား ဂုဏ်သိက္ခါအတွက်သတ်ဖြတ်ခြင်း (Honour Killings)

မကြာသေးမီက လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိလာတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးကို သူ့ရဲ့အစ်ကိုနဲ့မောင်တွေက သတ်ဖြတ်ခဲ့ကြပါတယ်။ သူတို့က ဒီလုပ်ရပ်ကို မိဘမျိုးရိုးရဲ့ ဂုဏ်သိက္ခါကို ကာကွယ်တဲ့အနေနဲ့သတ်ဖြတ်တယ် (သို့) ဂုဏ်သိက္ခါအတွက် သတ်ဖြတ်ခြင်း (Honour Killing) လို့ မှတ်ယူကြပါတယ်။ စိတ်မကောင်းစရာက အစ္စလာမ်သာသနာမှာ " ဘုရားရှင်(အလ္လာဟ်) အတွက် " ဆိုပြီးလုပ်တဲ့လုပ်ရပ်တွေမှာ မသိမိုက်မဲတဲ့ လုပ်ရပ်တွေအမြောက်အများရှိနေတာပဲဖြစ်တယ်။ ဒါတွေက စစ်မှန်တဲ့ အစ္စလာမ်သာသနာနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ပြောရမှာဖြစ်တယ်။ ဒါတွေဟာ မစဉ်းစားဘဲရှေးရိုးအစဉ်အလာအတိုင်းလိုက်ခြင်း သို့မဟုတ် အသိဉာဏ်နည်းပါးခြင်းသာဖြစ်ပါတယ်။ ကံမကောင်းစွာပဲ ယနေ့ မွတ်စလင်တွေဟာ ဘုရားရှင်(အလ္လာဟ်အရှင်မြတ်) ကို ကြောက်ရမယ့်အစား သူတို့ရဲ့ ဆွေမျိုးတွေ၊ အသိုင်းအဝိုင်းတွေ တနည်းအားဖြင့် လူတွေကိုကြောက်ရွံ့နကြေပါတယ်။

တနည်းဆိုရရင် သူတို့ဟာ သူတို့ဆွေမျိုးအသိုင်းအဝိုင်းတွေပျော်ရွှင်ဖို့အတွက် အစ္စလာမ်သာသနာရဲ့ သင်ကြားချက်တွေနဲ့ ဆန့်ကျင်နေမယ့်အရာမျိုးတွေ လုပ်ကြဖို့ ဝန်မလေးကြဘူး။ ဒီမိန်းကလေးရဲ့ အစ်ကိုမောင်တွေရဲ့ လုပ်ရပ်ဟာ အစ္စလာမ့် သွန်သင်ချက်မဟုတ်ပါ။ မည်သူတစ်ဦးတစ်ယောက်ကမျှ အခြားသူတစ်ဦးတစ်ယောက်ကို ယခုကဲ့သို့ သတ်ဖြတ်ခြင်းမပြုနိုင်ပါ။ တစ်စုံတစ်ယောက်က သင့်ရဲ့ မိသားစုဝင်တစ်ဦးကို သတ်ဖြတ်ခဲ့မယ်ဆိုရင် သင်ဟာ လက်စားချေခွင့် (သို့) သင့်တော်တဲ့ တုန့်ပြန်မှုကို ရထိုက်ပါတယ်။ ဒါဟာ ကျူးလွန်တဲ့သူကို သေဒဏ်ပေးတာ သို့ ငွေဒဏ်ပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအမှုအခင်းကို အရင်စစ်ဆေးရပါမယ်။ ဥပဒေကြောင်းအရအပြစ်ဒဏ်ပေးခြင်းသာဖြစ်သင့်ပြီး မည်သည့်နည်းနှင့်မျှ သင်ကိုယ်တိုင် စီရင်ခွင့်မရှိပါ။ အထက်ကဖော်ပြတဲ့ ဖြစ်စဉ်မှာ စုံတွဲဟာ လက်မထပ်ဘဲ ကာမေသုမိစ္ဆာမှုကိုကျူးလွန်ခဲ့တာပါ။

လိင်မှုကိစ္စဖောက်ပြန်ခြင်း သို့ ကာမေသုမိစ္ဆာမှုကို ကျူးလွန်တဲ့သူကို ကျောက်ခဲနဲ့ သေအောင်ပေါက်သတ်ရမယ်လို့ မွတ်စလင်တော်တော်များများက ယုံကြည်ကြပါတယ်။ တကယ်တော့ ဒီပြစ်မှုကျူးလွန်သူကို ခုလိုအပြစ်ပေးတာဟာ ဂျူးဘာသာ(ဓမ္မဟောင်း-တရားဟောရာကျမ်း - ၂၂: ၁၃ -၂၁) ကျမ်းစာအလိုအရသာဖြစ်ပါတယ်။ တမန်တော်မြတ်က ကျမ်းတော်မြတ်ကိုရ်အာန်အပြည့်အစုံ မကျရောက်သေးခင်က တစ်ခါတစ်ရံမှာ ဂျူးတွေရဲ့ဓမ္မဟောင်းကျမ်းလာဥပဒေကို အသုံးပြုပါတယ်။ ကိုရ်အာန်ကျမ်းစာမှာ ဒီပြစ်ဒဏ်အတွက် ကြိမ်ဒဏ် အချက် (၁ဝဝ) ဆိုတဲ့ ကိုရ်အာန်မုက္ခပတ်တော်( အစ္စလာမ့်ဥပဒေ )ကျရောက်ပြီးတဲ့နောက်မှာတော့ ပြစ်မှုကျူးလွန်တဲ့ မွတ်စလင်ရဲ့အပြစ်ဒဏ်က ပြောင်းလဲသတ်မှတ်ပြီးဖြစ်ပါတယ် (ကြိမ်ဒဏ်သာလျှင်ဖြစ်)။ ဒီလိုအခြေအနေမျိုးတော့ရှိပါတယ်။ အဲ့ဒါက တကယ်လို့ ဂျူးဘာသာဝင်တစ်ဦးဟာ တမန်တော်မြတ်ထံကို ဒီမကောင်းမှုနဲ့ ပတ်သတ်ပြီး အပြစ်ဒဏ်ပေးဖို့လာရောက်ပြောကြားတယ်ဆိုရင် ဒီအခြေအနေမျိုးမှာ သူ့ကို အစ္စလာမ့်ဥပဒေကို ရွေးမလား ဂျူး (ဓမ္မဟောင်း) ဥပဒေကို ရွေးချယ်မလားဆိုတာ မေးမြန်းမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဂျူးဘာသာဝင်ဟာ ဓမ္မဟောင်းဥပဒေကိုသာရွေးချယ်ရမှာဖြစ်ပြီး တကယ်လို့ သူဟာ အစ္စလာမ့်ဥပဒေကို ရွေးချယ်မယ်ဆိုရင်တော့ သူဟာ အစ္စလာမ်ဘာသာဝင်ဖြစ်လာရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ကာလရဲ့ (အစ္စလာမ့်ဘာသာရေးခေါင်းဆောင်) အချို့ဟာ အခန်းကြီး ၂၄ အခန်းငယ် ၃ က ကျမ်းမြတ်ကိုရ်အာန်ရဲ့ သွန်သင်ချက်ကို ကျော်လွန်ပြီး ကျောက်ခဲနဲ့ပေါက်သတ်တဲ့ ဟဒီးစ်ကို အတင်းအဓမ္မလက်ခံစကြေပါတယ်။ မွတ်စလင်အများစုကလည်း ဒီမော်လဝီတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံကြပါတယ်။ တကယ်တော့ ကြိမ်ဒဏ်အချက်တစ်ရာ သတ်မှတ်တယ်ဆိုရင်တောင်မှ ကျူးလွန်တဲ့အဖြစ်အပျက်ကို မျက်မြင်သက်သေလေးယောက်ရှိရပါမယ်။ ကိုယ်ဝန်ရှိတာတစ်ခုတည်းနှင့်မလုံလောက်ပါ။ ဒါ့အပြင် ကြိမ်ဒဏ်ဟာ အရိုးမကျိုးစေရဘူး။ အသက်မသေစေရပါဘူး။ အရပြေားကိုသာထိခိုက်စေရပါမယ်။ အကြောင်းက ကြိမ်ဒဏ်ကို လူထုကြားမှာ ပေးရတဲ့ ရည်ရွယ်ချက်က ကျူးလွန်သူအတွက် အရှက်ရစေအောင်ဖြစ်ပြီး သူ့ကိုသတ်ဖို့ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရစေဖို့မဟုတ်ပါ။

တစ်ခါတစ်ရံမှာ တစ်ချို့မိဘတွေဟာ ဒီလိုကိစ္စမျိုးတွေကို တားမြစ်ဖို့ သူ့တို့သားသမီးတွေကို အယူပြင်းတဲ့ပါကစ္စတန်လို အစရှိတဲ့တိုင်းပြည်မျိုးကိုပို့ချင်ကြတယ်။ တစ်ချို့တစ်လေကလည်း ကျူးလွန်သူကို အဆက်အသွယ်ဖြတ်ပစ်တာ၊ စွန့်လွှတ်ပစ်တာ စတဲ့ ပိုအစွန်းရောက်တဲ့အပြုအမူတွပြေုလုပ်ကြတယ်။ ဒီနည်းလမ်းတွေသုံးနိုင်ပေမယ့် ထိရောက်တဲ့အပြစ်ပေးနည်းမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကို သတ်ဖြတ်တာကိုတော့ အစ္စလာမ်က လုံးဝခွင့်မပြုပါဘူး။ ဂုဏ်သိက္ခါ (အီဇာတ်) ဟာ မွတ်စလင်မိသားစုတွေအတွက် အလွန်ပဲအရေးပါပါတယ်။ သူတို့ဟာ တခြားမိသားစုဝင်တွေကို မျက်နှာချင်းဆိုင်ရမှာနဲ့၊ အသိုင်းအဝိုင်းထဲမှာ အရှက်တကွဲအကျိုးနည်းဖြစ်မယ့်အစား တစ်ဖက်စွန်းတစ်ခုခုရောက်တဲ့အပြုအမူတွေကိုလုပ်ဆောင်ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ မွတ်စလင်တွေရဲ့ တာဝန်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ နှစ်သက်မှုကို ရှာမှီးရမှာဖြစ်ပြီး အရှင်မြတ်ရဲ့ အမျက်တော်ကိုကိုရှောင်ရှားရမှာဖြစ်တယ်။ ဒါ့ကြောင့် မိသားစုနဲ့ မိတ်ဆွေအသိုင်းအဝိုင်းမှာ မျက်နှာမပျက်ရအောင် အစ္စလာမ့်နည်းလမ်းမကျတဲ့အရာတွေကို လုပ်ဆောင်တာမျိုးမလုပ်ဘဲ ဘုရားရှင်နှစ်သက်မှုကို ဦးစားပေးရမှာဖြစ်တယ်။ ဒီအထောက်အထားတွေအရ "ဂုဏ်သိက္ခါအတွက်သတ်ဖြတ်ခြင်း" ဆိုတဲ့လုပ်ရပ်ဟာ အစ္စလာမ်နဲ့ မဆိုင်ဘဲ ကိုရ်အာန်ကျမ်းမြတ်ကလည်း လုံးဝထောက်ခံမှုမပြုတာကိုတွေ့ရမှာဖြစ်တယ်။


Source: www.Understand-Islam.org 

အင်္ဂလိပ်ဘာသာဆောင်းပါးမှ ဆီလျှော်အောင်ဘာသာပြန်ဖော်ပြသည်။

Wednesday, September 10, 2014

မိုဟမ္မဒ် (Muhammad) (570-632) ဒေါက်တာ သန်းထွန်း (ကျော်စွာ ၁၀၀)

 မုဟမ္မဒ် (Muhammad) ကို ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်ထဲမှာ ထိပ်ကထည့်လိုက်တာကို တချို့လဲ အံ့သြမယ်၊ တချို့လည်း ဟုတ်ရဲ့လားကွယ်လို့ မေးခွန်းထုတ်မယ်။ သမိုင်းကို ပြန်ကြည့်ရင် ကိုးကွယ်ယုံကြည်မှုဘက်၊ ပြည်ရေးရွာမှုဘက် နှစ်ဖက်စလုံးမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

 အညတြအနေက ကမ္ဘာ့အကြီးဆုံး ကိုးကွယ်ယုံကြည်မှုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ယုံကြည်မှုကို ပေါ်ထွန်းစေတယ်။ အင်မတန် တန်ခိုးသြဇာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်ခဲ့တယ်။ ကွယ်လွန်ခဲ့တာ အနှစ်တစ်ထောင့်သုံးရာရှိပေမယ့် မုဟမ္မဒ်ရဲ့ သြဇာကြီးမား ရှင်သန်လျက်ရှိပါသေးတယ်။

မွတ်စလင် အင်ပါယာ (Muslim Empire) ခုနှစ်အလိုက် ကျယ်ပြန့်တိုးတက်လာပုံ

     ဒီကျမ်းထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်အများစုဟာ နိုင်ငံရေးအရ ဆုံလည်လို့ အချက်အချာဒေသ၊ ဓလေ့အရာမှာလည်း အမြင့်ဆုံးဒေသ၊ ယဉ်ကျေးမှု ဘက်မှာလည်း ဗဟိုဆိုတဲ့နေရာတွေမှာပဲ မွေးဖွားခဲ့တဲ့အချက်ဟာ ဒီပုဂ္ဂိုလ်တွေအတွက် အခြေခံကောင်းတယ်လို့ဆိုရပါမယ်။ ဒါပေမယ့် မုဟမ္မဒ်ကို အဲဒီအခါက စာပေကျမ်းဂန်၊အနုပညာနဲ့ ရောင်းဝယ်ရေး မထွန်းကား မတိုးတက်တဲ့ အာရေဘိယ (Arabia) တောင်ဘက် မက္ကာ (Mecca) မှာ ၅၇၀ က မွေးဖွားခဲ့တယ်။ ခြောက်နှစ်သားမှာ မိဘမဲ့ကလေးဖြစ်ရရှာပါတယ်။ အစ္စလာမ် (Islam) အစဉ်အဆက်ပြောစကားအရ စာမတတ်ပါ။ အသက်နှစ်ဆယ့်ငါးနှစ်မှာကြွယ်ဝတဲ့ မုဆိုးမနဲ့ အိမ်ထောင်ကျလို့ အနေအစားချောင်လည်လာပါတယ်။ ဒါပေမယ့် အသက်လေးဆယ်အထိသူ့ကို နောင်ထင်ရှားကြီးကျယ်မယ်လို့ ဘယ်သူမှ ထင်မှတ်ကြမယ် မဟုတ်ပါ။

 ဟိုတုန်းက အာရပ် (Arab) အများစုဟာ မိစ္ဆာအယူရှိကြတယ်။ ဘုရားပေါင်းစုံကိုးကွယ်တယ်။ မုဟမ္မဒ်ဟာ မက္ကာမှာ ဂျူး (Jew) နဲ့ ခရစ်ယာန် (Christian) လူနည်းစုတွေဆီက စကြဝဠာတစ်ခုလုံးကို စီမံအုပ်ချုပ်တဲ့ တစ်ဆူတည်းဘုရား၊ တန်ခိုးအကြီးဆုံးဘုရား ရှိတယ်လို့ ပြောဟောတာကို နာယူခဲ့ဖူးဟန်တူပါတယ်။ အသက်လေးဆယ်မှာ ဒီစစ်မှန်တဲ့ တစ်ဆူတည်းသောဘုရား (Allah) က တမန်တော်ကြီး ဂေဗရီယယ် ( Angel Gabriel) က တစ်ဆင့်အယူမှန်ကို ပျံ့နှံ့အောင်လုပ်ဖို့ သူ့ကိုရွေးချယ်တယ်လို့ သိရပါတယ်။

 အစပထမသုံးနှစ်မှာ နီးစပ်ရာအရင်းနှီးဆုံး မိတ်သဂငှ်ကိုပဲ ပြောဟောစည်းရုံးတယ်။ ပြီးမှ အေဒီ (၆၁၃) လောက်မှာ လူအများကို တွေ့ဆုံပြီး တရားဟောပါတယ်။ သူ့အယူဝါဒကို သက်ဝင်ယုံကြည်တဲ့လူ တဖြည်းဖြည်းများလာတဲ့အခါ မက္ကာ (Mecca) ကိုအုပ်ချုပ်သူတွေက အန္တရာယ်ပေးမယ့် မနှစ်မျို့ဖွယ် အနှောင့်အယှက်တစ်ခုလို့ သတ်မှတ်လိုက်တယ်။ အဖမ်းအချုပ်လွတ်အောင် (၆၂၂) ခုနှစ် မှာ မက္ကာကမြောက်ဘက် မိုင် (၂၀၀) ကွာ မဒီနာ (Medina) ကိုပြေးခဲ့ရတယ်။ မဒီနာမှာ နိုင်ငံရေးအာဏာ အသင့်အတင့်ရရှိသူ တစ်ဦးဖြစ်လာပါတယ်။

 တိမ်းရှောင်တာကို ဟီဂျရာ (Hegira) ခေါ်ပါတယ်။ အဲဒီလို့ တိမ်းရှောင်ခြင်းဟာ ပရောဖက် (Prophet) ဘဝမှာ အတက်တကွေ့ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မက္ကာမှာတုန်းက နောက်လိုက် အသင့်အတင့်ရှိခဲ့ပါတယ်။ မဒီနာမှာ နောက်လိုက်တွေပေါများပြီး ဘုရင်တစ်ဆူလို ကြီးမြင့်လာခဲ့ပါတယ်။ နှစ်နည်းနည်း အတွင်းမှာပဲ နောက်လိုက်ခြွေရံသင်းပင်း အများကြီးဖြစ်လာတယ်။ မဒီနာ နဲ့ မက္ကာစစ်ပွဲအပြန်အလှန် အများကြီးတိုက်ခိုက်ကြရတယ်။ ၆၃၀ ခုနှစ်မှာ မက္ကာကို စစ်အောင်နိုင်သူအဖြစ်နဲ့ ပြန်ရောက်ပါတယ်။ မကွယ်လွန်မီ တစ်နှစ်ခွဲအတွင်းမှာ ယုံကြည်မှုအသစ်ကို အာရပ်မျိုးတူစုတွေ (Arab tribes ) တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကူးပြောင်းလာကြလို့ မုဟမ္မဒ် ကွယ်လွန်တဲ့ (၆၃၂) ခုနှစ် အခါမှာ တောင်ဘက် အာရေဘိယ တစ်ခုလုံးကို ကောင်းစွာအုပ်စီးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာပါတယ်။

 အာရေဘိယရဲ့ ဗဒူအင် (Bedouin) လူမျိုးစုဟာ အင်မတန် ကြောက်စရာကောင်းတဲ့ အစီအစဉ်ကောင်းတဲ့ စစ်သည်တွေလို့ ထင်ရှားကျော်ကြားတယ်။ လူဦးရေကတော့ နည်းတယ်။ အချင်းချင်း မညီညွတ်လို့ နှစ်ဦးနှစ်ဖက်စလုံး ပြုန်းတီးပျက်စီးကျဆုံးရတဲ့ စစ်ပွဲတွေ ဆင်နွှဲနကြေလို့ သူတို့ရဲ့မြောက်ဘက်က သူတို့ထက်အင်အားကြီးပြီး စိုက်ပျိုးရေးနဲ့ အခြေတကျ ကြီးပွားနေတဲ့ နိုင်ငံတွေရဲ့ တပ်တွေကို မယှဉ်ပြိုင်နိုင်ခဲ့ကြပါ။ ဒါပေမယ့် မုဟမ္မဒ် စုစည်းပေးလို့ သူတို့သမိုင်းတလျှောက်မှာ အခုလိုညီညွတ်မှုကို မရစဖူးရပြီး တစ်ဆူတည်းဖြစ်ပြီး စစ်မှန်သော ဘုရား (God) ကို အပြင်းအထန် စွဲမြဲယုံကြည်စိတ်နဲ့ အာရဗ် (Arab) တပ်ငယ်ကလေးတွေဟာ လူ့သမိုင်းမှာ အင်မတန်အံ့သြစရာကောင်းလောက်အောင် တစ်ခါထက်တစ်ခါ သာလွန်အောင်မြင်တဲ့ ပွဲစဉ်တွေကို တိုက်ခိုက်ခဲ့ကြတယ်။ အာရေဘိယရဲ့ အရှေ့မြောက်မှာ ဆက်စနစ် (Sassanids) တွေရဲ့ ပါရှန်အင်ပိုင်ရာသစ် (Neo-Persian Empire) ရှိတယ်။ အနောက်မြောက်မှာ ကွန်စတန်တီနိုပယ် (Constantinople) ကို ဗဟိုပြုတဲ့ ဗိုင်ဇန်တိုင်း (Byzantine) ခေါ်တဲ့ အရှေ့ရောမအင်ပါယာရှိတယ်။ ဂဏန်းအရေအတွက်ချပြီး ပြောကြမယ်ဆိုရင် ဒီရန်သူတွေကို အာရပ်တွေမယှဉ်နိုင်ပါ။ လက်နက်နဲ့ ယှဉ်ရတဲ့ စစ်ပွဲမှာတော့ တစ်မျိုးပဲ၊ ယုံကြည်မှု နှိူးဆွထားတဲ့ အာရပ်တွေက ခပ်မြန်မြန်ပဲ မက်ဆိုပိုတေးမီးယား (Mesopotamia)၊ ဆီးရီးယား (Syria)၊ နဲ့ ပါလက်စတိုင်း (Palestine) တို့ကို သိမ်းယူနိုင်ခဲ့တယ်။ အီဂျစ် (Egypt) ကို (၆၄၂) မှာ ဗိုင်ဇန်တိုင်း အင်ပါယာထဲက ဖဲ့ယူပြီး ပါသျှ (Persia) တပ်တွေကို (၆၃၇) ကာဒီဆီးယား (Qadisiya) စစ်ပွဲနှင့် (၆၄၂) နေဟဗင် (Nehavend) စစ်ပွဲတွေမှာ ချေမှုန်းနိုင်ခဲ့တယ်။ ဒီနှစ်ပွဲဟာ အရေးအပါဆုံးပဲ။ ဒီပွဲနှစ်ပွဲနိုင်ရင် ကျန်ပွဲတွေဟာ မမှုလောက်တော့ဘူးလို့ ဆိုရမယ့် ပွဲတွေပါပဲ။

 မုဟမ္မဒ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွဖြေစ်ပြီး မုဟမ္မဒ်ကို ဆက်ခံသူ တွဖြေစ်တဲ့ အဗူဗကရ် (Abu Bakr) နဲ့ အိုမရ် အိဗ်နေ့ အလ်ခတ္တဗ် (Umar ibn Al Khattab) တို့က ကြီးမားလှတဲ့ အောင်မြင်သိမ်းပိုက် ပွဲတွေဆက်လုပ်ခဲ့တာမျှနဲ့လဲ အာရပ်တိုးတက်ကြီးပွားရေးဟာ မရပ်သေးဘူး အာရပ်တပ်မကြီးတွေဟာ မြောက်အာဖရိကကိုဖြတ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းခြေအထိ (၇၁၁) ခုနှစ်မှာ နယ်မြေသိမ်းယူပွဲကြီးလုပ်ပြီးနောက် မြောက်ဘက်ကို ဦးတည်ပြီး ဂျီဘရော်တာ (Gibraltar) ရေလက်ကြားကိုဖြတ် စပိန် (Spain) က ဗီစီဂေါ့သ် (Visgothic) နိုင်ငံကို လွှမ်းမိုးလိုက်သေးတယ်။

 ဥရောပရဲ့ ခရစ်ယာန်နိုင်ငံတွေအားလုံးကို မူစလင် (Muslim) က ဝါးမျိုတော့မလောက် စိုးရိမ်ရတဲ့ အခြေရောက်လုဆဲဆဲဖြစ်ပြီးမှ (၇၃၂) ခုနှစ်မှာ နာမည်ကျော် တိုး (Tours) ပွဲမှာ ပြင်သစ်နိုင်ငံ အလယ်ပိုင်းအထိပေါက်မြောက်နပြေီဖြစ်တဲ့ မူဆလင်တပ်တွေကို ဖရန့်စ် (France) တွေက နိုင်လိုက်ပါတယ်။ ဒီလို တစ်ရာစုနှစ်မျှလောက် လှူပ်ရှားတိုက်ခိုက်ရုံနဲ့ ဗဒူအင် (Bedouin) လူမျိုးတွေဟာ တမန်တော် (Prophet) ရဲ့ အားပေးစကားမျှနဲ့ အိန္ဒိယနယ်စပ်က အတ္တလန္တိတ်သမုဒ္ဒရာထိ ကျယ်ပြန့်တဲ့ နယ်မြေကို ရယူနိုင်တာဟာ အံ့သြရမှာဖြစ်တယ်။ အခုအထိ ကမ္ဘာမှာ ဒါလောက်ကျယ်ပြန့်တဲ့ အင်ပါယာမျိုး မမြင်သေးဘူးပါ။ အဲဒါအပြင် သူတို့သိမ်းယူတဲ့ နေရာတိုင်းမှာ သူတို့အယူကို လူတွေအများကြီးက ပြောင်းယူလာကြတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။

 ဒီလိုအောင်ပွဲတွေအကြာအရှည် တည်မြဲတယ်လို့တော့ မဆိုနိုင်ပါ။ တမန်တော် (Prophet) ရဲ့အယူကို ဆက်လက်ခံယူတယ်ဆိုပေမယ့် အာရပ်လက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေရှိပါတယ်။ စပိန်မှာဆိုရင် အနှစ် (၇၀၀) ကျော်ကြာအောင် တိုက်ကြပြီးမှ ခရစ်ယာန် အယူရှိသူတွေက ကျွန်းဆွယ်တစ်ခုလုံးကို ပြန်ရပါတယ်။ ရှေးအကျဆုံး ယဉ်ကျေးမှု စတင်ထွန်းကားတဲ့ မက်ဆိုပိုတေးမီးယား နဲ့ အီဂျစ် မှာလိုပဲ အာရပ်နိုင်ငံဖြစ်တဲ့ မြောက်အာဖရိက ကမ်းခြေတစ်လျှောက်မှာလည်း ဒီအတိုင်းပဲတွေ့ရတယ်။ ကိုးကွယ်ယုံကြည်မှုသစ်ဟာ အဲဒီနောက် ရာစုနှစ်ပေါင်းများစွာ မလွဲဧကန် ဆက်လက်ပြန့်နှံ့ခဲ့ပါတယ်။ စတင်ထွန်းကားရာဒေသကနေ အများကြီးေဝးကွာတဲ့ အရပ်တွေကို ရောက်သွားပြီး အာဖရိကနဲ့ အာရှအလယ်ပိုင်း တွေမှာ ယုံကြည်သူ သန်းပေါင်းများစွာရှိသလို ပါကစ္စတန် နဲ့ အိန္ဒိယမြောက်ပိုင်း၊ ပြီးတော့ အင်ဒိုနီးရှားမှာ ပိုလိုတောင်များသေးတယ်။ အင်ဒိုနီးရှားဆိုရင် အားလုံးပေါင်းစပ်မိအောင် ကိုးကွယ်ယုံကြည်မှုက ဆောင်ရွက်ပေးပါတယ်။ အိန္ဒိယလို တိုက်ကြီးတစ်တိုက်နီးပါး ကြီးမားကျယ်ပြန့်တဲ့နေရာမှာတော့ ဟိန္ဒူ၊ မူဆလင် ပဋိပက္ခဟာ ညီညွတ်ရေးရဖို့ အကြီးဆုံးအဟန့်အတားဖြစ်ခဲ့ပါတယ်။

 မုဟမ္မဒ်ကို လူ့သမိုင်းမှာ သြဇာအရှိဆုံးလို့ အကဲဖြတ်ဖို့ ခက်မနေဘူးလားလို့ မေးစရာရှိပါတယ်။ တခြားကိုးကွယ်ယုံကြည်စရာ ဘာသာတရားတွေလိုပဲ အစ္စလာမ်တရားက ယုံကြည်သူတွေရဲ့ ဘဝလမ်းကြောင်းကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒီအချက်ကြောင့်ပဲ ဒီစာအုပ်မှာ ဘာသာတရားခေါင်းဆောင်တွေကို ထိပ်တန်းကတင်ထားရတာဖြစ်ပါတယ်။ အကြမ်းအားဖြင့် ခရစ်ယာန်သာသနာဝင် လူဦးရေက မူစလင်လူဦးရေထက် နှစ်ဆလောက်များနေတယ်ဆိုပေမယ့် မုဟမ္မဒ်က ယေရှူ (Jesus) ထက်သာတယ်ပြောရင် လွယ်လွယ်ကူကူ ပြောကြတယ်၊ ဟုတ်ပါ့မလားလို့ မေးစရာဖြစ်တယ်။ ဒီဘက်ကပြစရာ အရေးပါတဲ့ အကြောင်းအချက် နှစ်ခုရှိပါတယ်။ ပထမတစ်ချက်က အစ္စလာမ် ပြန့်ပွားဖို့ မုဟမ္မဒ်တာဝန်ယူပုံက ခရစ်ဝါဒပြန့်ဖို့ ဂျေစပ် (Jesus) တာဝန်ယူပြီးဆောင်ရွက်ပုံထက် အများကြီးထိရောက်ပါတယ်။ လူဓလေ့ လူ့စရိုက်ဆိုင်ရာ ပဓာန သဘောတရားတွေမှာ ခရစ်ယာန်အယူဝါဒက ဂျူးဝါဒီ (Judaism) နဲ့ခြားနားသမျှကို ဖွင့်ဆိုဟောပြောရာမှာ ဂျေစပ်ကတာဝန်ခံ ဟောပြောခဲ့ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ကျမ်းကို အရင်းမူလကျနအောင် ဖော်ထုတ်ပြီး ပျံ့နှံ့စေတာ ဓမ္မသစ် (New Testament) ရဲ့ အခန်းပေါင်းများစွာကိုရေးတာ၊ မူလဂျူးဝါဒနဲ့ ပိုပြီးပြန်လည်ပေါင်းစပ်မိအောင် ဆောင်ရွက်ပေးတာ စိန်ပေါလ် (St. Paul) ဖြစ်ပါတယ်။

 အစ္စလာမ်ရဲ့ ကျမ်းစာပိုင်းဆိုင်ရာနဲ့ အရင်းမူလကျင့်ဝတ်တွေကို ဖော်ထုတ်ဟောပြောသူက မုဟမ္မဒ်ဖြစ်တယ်။ အယူဝါဒသစ်ကို ရှေးအယူနဲ့ညှိူပေးတဲ့ နေရာမှာလဲ ရှေ့ဆောင်ဖြစ်တယ်။ အစ္စလာမ်ယုံကြည်မှု ကျင့်စဉ်ကို တီထွင်သူလဲဖြစ်တယ်။ မူဆလင် ကျမ်းစာဖြစ်တဲ့ ကိုရန် (Koran) ဆိုတာကလဲ အထက်ကောင်းက နှိူးဆော်တဲ့အတိုင်း ပြောတာပဲလို့ သူကိုယ်တိုင်ဖွင့်ဟပြောပြီးတော့ ဟောပြောသမျှကို အစီအစဉ်ကျနအောင် ရေးပေးသူလဲဖြစ်တယ်။ ပြောသမျှကို အမှားအယွင်း နည်းနိုင်သမျှနည်းအောင် မုဟမ္မဒ် အသက်ထင်ရှားရှိစဉ်ကပဲ ရေးသားကူးယူကြပြီး မုဟမ္မဒ်ကွယ်လွန်ပြီး မကြာမီမှာပဲ မူရင်းမူမှန်ဆိုတဲ့ ကျမ်းအနေအထားရောက်အောင် ရေးသားခဲ့ပြီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုရန်ဟာ မုဟမ္မဒ်ရဲ့ အတွေးအခေါ်နဲ့ ဆိုဆုံးမချက်တွေကို အမှန်အကန်ဆုံးဖော်ပြတယ်။ သူ့နှူတ်မြွက်စာကားတွေအတိအကျဖြစ်တယ်လို့ဆိုရပါမယ်။ ခရစ်တော် (Jesus Christ) ရဲ့စကားကို အတိအကျ မှတ်သားချက်မကျန်ခဲ့ပါ။ မူစလင်တွေမှာ ကိုရန်ဟာ အရေးပါအရာရောက်သလို ခရစ်ယာန်သာသနာဝင်တွေမှာလဲ သမ္မာကျမ်း (Bible) ဟာအရာရောက်ပါတယ်။ ကိုရန်ကို အရင်းမူလပြုပြီး မုဟမ္မဒ်ရဲ့သြဇာကြီးမားပုံဟာ ခရစ်ယာန်သာသနာမှာ ဂျေစပ်ခရစ် နဲ့ စိန်ပေါလ်နှစ်ဦးပေါင်းရဲ့ သြဇာကြီးမားပုံထက်ပိုပါတယ်။ သာသနာသက်ဝင် ယုံကြည်မှုအဆင့်နဲ့ပြောရရင် သမိုင်းမှာ မုဟမ္မဒ်ရဲ့ လူသားများအပေါ်မှာ လွှမ်းမိုးမှုဟာ ဂျေစပ်လွှမ်းမိုးတာနဲ့ အဆင်တူဖြစ်မယ် ထင်ပါတယ်။ 

ဆော်ဒီအာရေးဘီးယားနိုင်ငံ မက္ကာမြို့တော်ရှိ ကမ္ဘာ့မွတ်စလင်များအထွတ်အမြတ်ထားရာ ကာအ်ဘာ ဝတ်ကျောင်းတော်

     အဲဒါထက်ပိုတာရှိသေးတယ် (ဂျေစပ်နဲ့မတူတဲ့) မုဟမ္မဒ်ဟာ ယုံကြည်မှုခေါ်င်းဆောင်ဖြစ်သလို လူမှုခေါ်င်းဆောင်လည်းဖြစ်တယ်။ အာရပ်တွေရဲ့ နယ်မြေသိမ်းယူ အောင်မြင်သူတွေမှာ သူကနောက်က တွန်းအားလို့ဆိုရပါမယ်။ ခေတ်အဆက်ဆက် သြဇာအကြီးဆုံးနိုင်ငံရေး ခေါ်င်းဆောင်ဖြစ်ပါတယ်။

 အဖိုးတန်တဲ့ သမိုင်းဖြစ်စဉ် အမျိုးမျိုးတွေထဲမှာ နောက်ကကြိုးကိုင်ပြီး စီမံခန့်ခွဲတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်မပါပေမယ့်လဲ သူ့အလိုအလျှောက်ဖြစ်သွားမယ်ဆိုတာမျိုး ရှိတတ်ပါတယ်။ (ဥပမာ) ဆိုင်မွန်ဗော်လီးဗား (Simon Boliviar) လို လူမျိုးမွေးဖွားပေါ်ပေါ်က်ထွက်မလာပေမယ့်လည်း တောင်အမေရိက ကိုလိုနီတွေဟာ စပိန်လက်အောက်ကထွက်ပြီး လွတ်လပ်ရေးရကြမှာ ဖြစ်ပါတယ်။ အာရပ်တွေ နယ်ပယ်အများကြီးသိမ်းနိုင်တာမှာတော့ ဒီလိုပြောလို့မရနိုင်ပါ။ မုဟမ္မဒ်မပေါ်ခင်ကလဲဒါမျိုးမရှိခဲ့ဖူးဘူး။ သူမပါဘဲနဲ့ ဒါမျိုးဖြစ်မယ်လို့ အကြောင်းပြစရာမရှိပါ။ လူသမိုင်းမှာ နှိူင်းယှဉ်စရာ တစ်ခုတော့ရှိဖူးပါတယ်။ တစ်ဆယ့်သုံးရာစုနှစ်မှာ မွန်ဂို (Mongols) တွေ နယ်မြေအများကြီးတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဟာ အရင်းခံကြီးကြပ်ဆော်သြတဲ့ ဂျင်ဂျစ်ခန်း (Genghis Khan) ကြောင့်ဖြစ်ပါတယ်။ နယ်မြေကျယ်ပြန့်တာက အာရပ်တွေထက် ပိုကျယ်ပြန့်ပါတယ်။ ဒါပေမယ့် ကြာရှည်မတည်ပါ။ အခုဆိုရင် ဂျင်ဂျစ်ခန်း မပေါ်မီကနမြေဲဖြစ်တဲ့ ဇာတိအရပ်မှာပဲ မွန်ဂိုတွေနကြေပါတယ်။ အာရပ်ပိုင်ဆိုင်အုပ်စီးပုံနဲ့ သိပ်ကွာခြားပါတယ်။ အီရတ် (Iraq) ကနေ မော်ရိုကို (Morocco) အထိ အာရပ်နိုင်ငံတွေဟာ သံကြိုးကွင်းဆက်လို ဆက်နေပါတယ်။ အစ္စလာမ်အယူတစ်ခုတည်းကြောင့် ဆက်နေတာမျိုးမဟုတ်ပါ။ အာရပ်ဘာသာစကား၊ အာရပ်သမိုင်းနောက်ခံ၊ အာရပ်ဓလေ့တွေပါ အားလုံးပေါင်းစပ်ယှက်တွဲနေပါတယ်။ မူစလင်အယူဝါဒမှာ ကိုရန် (Koran) က အခရာဖြစ်နေတော့ ကိုရန်ကိုရေးထားတဲ့ ဘာသာစကားဟာ အာရပ်ဖြစ်တာနဲ့ပဲ အာရပ်ဒေသိကစကား (Dialects) တွေကို ပြီးခဲ့တဲ့ နှစ်တစ်ထောင့်သုံးရာအတွင်းမှာ တစ်နယ်နဲ့တစ်နယ် စကားပြောမပေါက်အောင်၊ ပွားများမလာအောင် ဟန့်တားပြီးဖြစ်ခဲ့ရပါတယ်။ အာရပ်နယ်တွေမှာ အချင်းချင်းကွဲပြားခြားနားမှုတွေ ရှိတတ်ပါတယ်။ ဒါလောက်နဲ့လည်းမျက်စိမလည်ပါနဲ့၊ သူတို့မှာ အမြဲရိုင်းပင်းညီညွတ်ရမယ်ဆိုတဲ့ အချက်ကြီးတစ်ခုအမြဲရှိနေပါတယ်။ ဥပမာ အီရန်(Iran) နဲ့ အင်ဒိုနီးရှား (Indonesia) နှစ်နိုင်ငံစလုံးဟာ အစ္စလာမ်အယူတူပြီး ရေနံအထွက်လဲတူပေမယ့် ၁၉၇၃-၇၄ ဆောင်းရာသီရေနံမထုတ်ဘဲထားတာမှာ အာရပ်နိုင်ငံအားလုံးပါတယ်။ အာရပ်နိုင်ငံတွေကသာ ဒီကိစ္စကိုလုပ်တာဖြစ်တယ်။ အဲဒါမတော်တဆ တိုက်ဆိုင်တယ်မထင်ပါနဲ့။

 အာရပ်တွေရဲ့ ခုနစ်ရာစုနှစ်က တိုက်ခိုက်သိမ်းသွင်းစစ်ဟာ လူ့သမိုင်းမှာ အခုထိ အရာရောက်တုန်းပဲဆိုတာ မမေ့ထိုက်ပါ။ ယုံကြည်မှုနဲ့ နိုင်ငံအုပ်ချုပ်ရေးကို တွဲဖက်ပေးတဲ့နေရာမှာ ဘယ်သူမှ မယှဉ်နိုင်အောင် ကောင်းမွန်အောင်မြင်တယ်။ အဲဒါရဲ့အရင်းခံက မုဟမ္မဒ်ရဲ့အစွမ်းဖြစ်လို့ သူ့ကို လူ့သမိုင်းမှာ တန်ခိုးသြဇာအကြီးမားဆုံးပုဂ္ဂိုလ်လို့မှတ်ယူရခြင်းဖြစ်ပါတယ်။

ဒေါက်တာသန်းထွန်း မြန်မာပြန်သော ကျော်စွာ ၁ဝဝ စာအုပ်မှ ကူးယူဖော်ပြပါသည်။


ဘာသာပြန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း

ဒေါက်တာ သန်းထွန်း

B.A.(Hons:), M.A., Ph.D, D.Lit. (London)
အငြိမ်းစားပါမောက္ခ၊ သမိုင်းဌာန၊ မန္တလေးတက္ကသိုလ်။
အဖွဲ့ဝင်၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်။
ဂုဏ်ထူးဆောင်ပါမောက္ခ၊ ရှေးဟောင်းသုတေသနပညာဌာန။
ဂုဏ်ထူးဆောင်ပါမောက္ခ၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။








မူရင်းစာရေးဆရာ၏ လူပုဂ္ဂိုလ်များ စီစဉ်ဆုံးဖြတ်ပုံ


၁) ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာကြီးမြင့် လာရပါသလဲ
၂) ဒီလူရဲ့ အစွမ်းနဲ့လူတွေဘယ်လောက်များများအကျိုးခံစားရသလဲ
၃) ဒီလူ့ကျေးဇူးကို လူတွေဘယ်လောက်ကြာကြာ ခံစားရပါသလဲ။

အဲ့ဒီမေးခွန်းသုံးခုနဲ့ပဲ လူတွေကို ပထမ ဒုတိယဆိုပြီး တန်းစီလိုက်တယ်။ အဲ့ဒီလိုလုပ်ပုံကို ကျွန်တော်ကြိုက်တယ်။ ဒါပဲ သမိုင်းနည်းလမ်းကျတယ်။ ဒါကြောင့် ကျော်ကြားတဲ့တခြားစာအုပ်တွေ မြန်မာဘာသာမပြန်မိဘဲ ဒီစာအုပ်ကျတော့မှ မြန်မာဘာသာပြန်မိပါတယ်။ (ဒေါက်တာသန်းထွန်း အမှာစာမှ)

မူရင်း စာအုပ်မှ လူပုဂ္ဂိုလ်များအစီအစဉ်မှ

၁။ မိုဟမ္မဒ်
၂။ အိုင်းဆက် နယူတန်
၃။ သခင်ယေရှု ဂျေစပ်ခရိုက်စ်
၄။ ဗုဒ္ဓ
၅။ ကွန်ဖြူးရှပ်