Tuesday, September 8, 2020

ကံ ကံ၏အကျိုးကြောင့်ဖြစ်ခြင်း နှင့် ဘုရားသခင်အလိုအတိုင်းဖြစ်ခြင်း

ဗုဒ္ဓဘာသာတွင် လူ့သဘာဝ၊ လူ့ဖြစ်စဉ်ကို "ကမ္မနိယာမ လမ်းစဉ်" ဖြင့်ဖော်ပြပါသည်။ လူတို့၏ ချမ်းသာ ဆင်းရဲကို မိမိတို့ ပြုသော ကံတရား၊ ကောင်းမှု၊ မကောင်းမှုအပေါ်အခြေခံပြီး ဖြစ်ကြရသည်ဟု ဖော်ပြကြပါသည်။ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ၊ ကံသာလျှင် အားကိုးရာဟု ခံယူယုံကြည်ကြပါသည်။ အစွမ်းကုန် အနေဖြင့် ကံအပေါ်တွင် ယုံကြည်အားထားကြပါသည်။ ဗုဒ္ဓဘာသာတွင် စရဏသည်သာ အဓိကဖြစ်ပါသည်။

အစ္စလာမ်ဘာသာ၌မူကား ကမ္မလမ်းစဉ်ကို လုံးဝမပယ်သော်လည်း အစွမ်းကုန်အနေဖြင့် ကံသာလျှင် အမိ၊ ကံသာလျှင် အဖ၊ ကံသာလျှင် အားကိုးအားထား တစ်ခုအနေဖြင့် မယုံကြည်ကြဘဲ၊ အလုံးစုံအပေါ်လွှမ်းမိုးချုပ်ကိုင်လျှက်ရှိသော တစ်ဆူတည်းသော ထာဝရဘုရား (ဘဂဝါ) အလ္လာအရှင်အပေါ်၌သာလျှင် လုံးဝယုံကြည်အားထားကြပါသည်။

လူသားသည် မိမိဘာသာ ရွေးချယ်၍ အကောင်းအဆိုးကို ပြုလုပ်နိုင်ခွင့်ရှိပါသည်။ ဗုဒ္ဓတရားတော်၌ လူ၏အကောင်း၊ အဆိုး ပြုမူချက်ကို အကြောင်းပြု၍ ထိုအတိုင်း အကျိုးရလာဒ်ဖြစ်ပေါ်မည်ဟု တထစ်ချယုံကြည်ကြပါသည်။ အစ္စလာမ်ဘာသာ၌ကား မိမိရွေးချယ်၍ ပြုလုပ်သော ပြုမူချက် အကောင်းအဆိုးကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အကျိုးဆက်သည် လူကို အကြောင်းခံသော်လည်း နောက်ဆုံး အကျိုးရလဒ်မှာ ဘုရားသခင်အလိုတော်အတိုင်း ဖြစ်ရသည်ဟု ယုံကြည်ကြပါသည်။

ဥပမာဆိုသော် ဗုဒ္ဓဘာသာအလိုအရ ကျောင်းသားတစ်ဦးသည် စာကို အပြင်းအထန်ကြိုးစား ကျက်မှတ်ဖြေဆိုလျှင် ကြိုးပမ်းအားထုတ်မှု အကြောင်းအားလျော်စွာ အကျိုးအဖြစ်စာမေးပွဲ မုချအောင်မည်ဟု ယုံကြည်ပါသည်။ ဘောလုံးကစားသမားတစ်ဦးသည်လည်း အပြင်းအထန်ကြိုးစာ၍ ဂိုးသွင်းလျှင် ဂိုးဝင်၍ ဧကန်မလွဲဂိုးရသည်ဟု ယုံကြည်ပါသည်။

အစ္စလာမ်ဘာသာအလိုအရမူ ကျောင်းသားတစ်ဦးသည် အပြင်းအထန်ကြိုးစား ကျက်မှတ်ဖြေဆိုသော်လည်း အောင်/ရှုံး ရလဒ်မှာ နောက်ဆုံး အကြီးအချုပ်ဖြစ်သော စာစစ်မှုးချုပ်၏ အလိုအတိုင်းဖြစ်ပေါ်လာသော အဆုံးအဖြတ်သာဖြစ်ပါသည်။ ထိုကျောင်းသား၏ အဆုံးအဖြတ်မဟုတ်ပါ။ အလားတူ ဘောလုံးကစားသမား၏ ဂိုးရလဒ်မှာလည်း နောက်ဆုံးအကြီးအချုပ်ဖြစ်သော ဒိုင်လူကြီး၏ အဆုံးအဖြတ်သာဖြစ်ပါသည်။ ထိုသဘောတရားမျိုးအတိုင်းပင် အစ္စလာမ်ဘာသာတရားတော်များတွင် လူသား၏ပြုလုပ်ကြိုးပမ်းမှုမှန်သမျှ၏ နောက်ဆုံးအကျိုးရလဒ်မှာ လူသားကိုအကြောင်းခံပါသော်လည်း အကြီးအချုပ်ဖြစ်သော ထာဝရဘုရားသခင်အလိုအတိုင်းသာလျှင် ဖြစ်ရသည်ဟုယုံကြည်ကြပါသည်။ 

ထို့ကြောင့် ဗုဒ္ဓဘာသာတရားတော်၌ အကြီးအချုပ်ဖြစ်သော ထာဝရဘုရား မရှိဟု ယုံကြည်သဖြင့် မိမိတို့၏ ကံ (ဝါ) စရဏတစ်ခုတည်းကိုသာ ယုံကြည်အားကိုးပြုစရာရှိပါသည်။ ထိုအတိုင်းပင် ယုံကြည်ထားကြပါသည်။ အကျင့်စရဏတစ်ခုတည်းဖြင့် နိဗ္ဗာန်ပန်းတိုင်ကို ရောက်အောင် ကျင့်ကြံနိုင်ပါသည်။ အစ္စလာမ်ဘာသာ၌ကား အကြီးအချုပ်ဖြစ်သော ထာဝရဘုရားရှင် အလ္လာဟ်အရှင်မြတ်ရှိနေကြောင်း ယုံကြည်ထားကြ၍ စရဏအကျင့်တစ်ခုတည်းကိုသာ အားကိုးမပြုဘဲ စရဏနှင့် ထာဝရဘုရားသခင်ထံ ရှိခိုး၊ဆုတောင်းပတ္ထနာပြုမှုကို တွဲ၍ အားထုတ်ကြမှ လူ၏ပန်းတိုင်သို့ရောက်ရှိနိုင်မည်ဟု ယုံကြည်ထားကြပါသည်။ ကံ ကံ၏အကျိုးကိုယုံကြည်ခြင်းသည် ဗုဒ္ဓဘာသာ၏ သမ္မာဒိဌိဖြစ်သကဲ့သို အစ္စလာမ်ဘာသာတွင် စရဏနှင့် ဆုတောင်းပတ္ထနာ တွဲထားသောယုံကြည်မှုကို သမ္မာဒိဌိအယူဟု ယုံကြည်ပြီး ထိုအယူမျိုးရှိမှသာလျှင် လူသား၏ပန်းတိုင်ဖြစ်သော အစ္စလာမ့်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြလိမ့်မည်ဟု ခံယူထားကြပါသည်။

No comments:

Post a Comment