Thursday, December 3, 2015

အနတ္တဝါဒကို နားလည်ကြည့်မိခြင်း

လူတွေမှာ ဝါသနာတစ်မျိုးစီ ဒါမှမဟုတ် တစ်မျိုးထက်ပိုရှိတတ်ကြတယ်။ စာဖတ်တာ၊ ခရီးသွားတာ၊ ရုပ်ရှင်ကြည့်တာ၊ ရေကူးတာ စသဖြင့် ...။ ကိုယ့်မှာလည်း ဝါသနာတစ်ချို့ရှိတဲ့အထဲက ဘာသာရေးစာပေတွေ၊ လူ့သမိုင်းတွေမှာ စိတ်ဝင်စားတယ်။ ပြောရရင်ပိုသိချင်တယ်။ ဘာသာရေးစာပေတွေကို ဖတ်ရတာလေ့လာရတာ ဝါသနာပါလို့ သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ စကားဆက်စပ်ပြောဖြစ်တယ်။ ဘာသာရေးကိုင်းရှိုင်းတာနဲ့ စာပေအကြောင်းအရာတွေ စိတ်ဝင်စားတာနဲ့တော့ အတိအကျကြီး ထပ်တူမကျပါဘူး။ တစ်ခါတစ်လေ ကိုယ်သိထားတာလေးတွေမျှဝေတယ်။ တစ်ခါတစ်လေ တခြားသူတွေသိထားတာ နားထောင်တယ်။ ဘာသာရေးအကြောင်းအရာတွေဟာ တစ်ခါတစ်လေ ပြောလေ့ပြောထရှိတဲ့တခြားအကြောင်းအရာတွေလိုပဲ ရံဖန်ရံခါ အပြန်အလှန်ပြောရမယ့် အကြောင်းအရာတစ်ခုဖြစ်တယ်လို့မြင်မိတယ်။ စကားပြောဖြစ်တဲ့သူငယ်ချင်းတွေနဲ့တော့ အပြန်အလှန်လေးစားမှုတစ်ခုရခဲ့တယ်၊ နားလည်မှုတစ်ချို့ရခဲ့တယ်။ တစ်ချို့ကတော့ ဘာသာရေးတွေမပြောတာ ကောင်းတယ်တဲ့ ...။

ဗုဒ္ဓဘာသာဝင်တွကြေားထဲနေလာ၊ စာအုပ်တွေဖတ်၊ တရားတွေနားစိုက်မထောင်လည်း အလိုလိုကြားနေရတော့ ဗုဒ္ဓဘာသာအကြောင်းအတန်အသင့်တော့ သိနားလည်တယ်။ ကိုယ်က အစ္စလာမ်ဘာသာအဖြစ်မွေးလာတော့ အရွယ်ရလာတာနဲ့အမျှ နားလည်လာတဲ့အချိန်မှာ ကိုယ်သိထားတဲ့အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာသဘောတရားလေးတွေမှာ ချိန်ထိုးနားလည်ကြည့်တတ်လာတယ်။ ဗုဒ္ဓဘာသာဝင်အများစုက ဘုန်းတော်ကြီးတွေ မကြာခဏတရားဟောတဲ့အပေါ်အခြေခံပြီး အစ္စလာမ်ဘာသာ/ခရိယာန်ဘာသာတွေဟာ ဟိန္ဒူဘာသာလိုပဲ အတ္တဝါဒလို့ သိထားကြတယ်/မြင်ထားကြတယ်။ ဘာလို့ဒီလိုမြင်ထားကြတာလဲ ? အစ္စလာမ်ဘာသာတရားမှာ သူ့ဘာသာဖြစ်တည်နေတဲ့ ဒါမှမဟုတ် ဖန်ဆင်းခံရတဲ့ ဝိညာဉ်ကောင် (သို့) အတ္တကောင်လေး လူတိုင်းမှာရှိနေတယ် ထင်မှတ်ထားကြလို့ပါပဲ။ ဒါကို အခြေခံပြီး အစ္စလာမ်ဘာသာဟာ မိစ္ဆာဒိဌိတစ်မျိုးဖြစ်တယ်။ ဘယ်အမျိုးအစားထဲပါသလဲလို့ဆိုရင် သဿတဒိဌိလို့ဆိုတယ်။ သဿတဒိဌိရဲ့ အဓိပ္ပါယ်ကို မဟာဂန္ဓာရုံဆရာတော်ကြီးက ခုလိုရှင်းပြတယ်။ 

"သေလျှင်မပြတ်ဘူး၊ ဒိဌိတော့ ဒိဌိပဲ၊ သူက ဟိုဘက်ဘဝရှိသေးတယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးရလိမ့်မယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးရလိမ့်မယ်။ သဿတဒိဌက အယူတော့ မှားတယ်။ ဘယ်လိုမှားတုန်းဆို ခန္ဓာကိုယ်ထဲမှာ အကောင်လေးရှိတယ်။ ဒီအကောင်လေးက ဟိုဖက်လိုက်သွားတယ်။ ဒါကြောင့်အကောင်ကလေးရှိတယ်ဆိုတော့ မှားသွားတာ။ နောက်ဘဝရှိတယ်လို့ ယုံတာ မိစ္ဆာဒိဌိမဟုတ်၊ အကောင်လေး၊ အသက်ကောင်ကလေး၊ ဝိညာဉ်ကောင်ကလေး၊ အတ္တကောင်ကလေးရှိတယ်လို့ ဒီလိုယူထားလို့ အယူမှားပြီး မိစ္ဆာဒိဌိဖြစ်တာ"

အင်းဒီလိုဆိုတော့ ဟုတ်ပြီ။ ဘာလို့ဒီလိုအတ္တကောင်လေးရှိနခြေင်းက ဒိဌိအယူမှားခြင်းဖြစ်ရတာလဲ စဉ်းစားကြည့်မယ်။ အကြောင်းက မပျက်မစီးဘဲ ဘဝတစ်ခုကနေတစ်ခု ကူးပြောင်းလှည့်ပတ်နေတဲ့ အတ္တကောင်လေးဟာ အင်္သာရ (မြဲမြဲခြင်း) သဘောဆောင်နေလို့ပဲ။ မြဲတဲ့အရာ၊ မပျက်မစီးတဲ့အရာ၊ ကောင်းမှု၊ မကောင်းမှုကို အပြည့်အဝလုပ်ဆောင်နိုင်တဲ့ အရာ၊ ကံ, ကံ၏အကျိုး - လုပ်ကိုင်တယ် လုပ်တဲ့အတိုင်းဖြစ်တယ်၊ မုချစွမ်းဆောင်နိုင်တယ်လို့ ယုံကြည်ခြင်းအရာတွေဟာလည်း အတ္တသဘောဖြစ်တယ်။ ဒီနေရာမှာ အနတ္တရဲ့ အဓိပ္ပါယ်က ကိုယ်အလိုအတိုင်းမဖြစ်ဘဲ သူ့သဘောအတိုင်းဖြစ်ခြင်း- တစ်နည်းအားဖြင့်သူ့သဘောသူဆောင်ဖြစ်ခြင်းကို နာခံရခြင်းလို့ဆိုလိုတာကို သိထားရမယ်။ အတ္တဝါဒကို ရည်ညွှန်းတဲ့ မြတ်ဗုဒ္ဓရဲ့ သုတ္တန်တစ်ခုမှာ ခုလိုတွေ့ရတယ် .. " မသင့်သောအားဖြင့် နှလုံးသွင်းသောသူအား ငါ၏ကိုယ်သည် ပြောဆိုစီရင်တတ်၏။ သိတတ်၊ ခံစားတတ်၏။ ကောင်းမှု၊ မကောင်းမှု၏ အကျိုးကို ခံစားရ၏။ အခါခပ်သိမ်းရှိ၏။ ဖောက်ပြန်ခြင်းမရှိ။ မြကြေီး မြင်းမိုရ်တောင် လ၊ နေ တို့ကဲ့သို့ အမြဲတည်သည်ဟူသော အယူသည်ဖြစ်၏။ " (မဇ္ဈိမနိကာယ်၊ သဗ္ဗာသဝသံဝရသုတ်) 

ဒီအထက်ကသုတ္တန်ကို ဟိန္ဒူဝါဒ ဥပါဒ်နိသျှကျမ်းက အတ္တဝါဒကိုထောက်ပြတယ်လို့လည်းဆိုကြတယ်။ ဒါဆို တကယ်ပဲ အစ္စလာမ်ဘာသာမှာ အဲ့ဒီလိုမပျက်မစီးဘဲ မြဲမြံနေတဲ့ အတ္တကောင်တစ်ကယ်ပဲရှိသလား ? တကယ်တော့ ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်ရင် အစ္စလာမ်ဘာသာမှာ လူသားဟာ (ရုပ်ကော၊စိတ်ဝိညာဉ်) ပါ ဖန်ဆင်းခြင်းခံရတယ်လို့ဆိုပြီးသားဖြစ်တယ်။ မရှိရာကနေ ရှိရာကို ဖန်ဆင်းခံရတဲ့အရာ ဒါမှမဟုတ် အစရှိတဲ့အရာဟာ အဆုံးမရှိဘဲ ဒါမှမဟုတ် မပျက်မစီးဘဲ အမြဲတည်နေပါ့မလား ? ဒါဟာ မဖြစ်နိုင်ပါဘူး။ အစ္စလာမ်ဘာသာမှာ ရုပ်နဲ့စိတ်နှစ်မျိုးကိုပဲ အဓိကထားပြောပြတယ်။ ရုပ်နဲ့စိတ်ဝိညာဉ်က ဘယ်လိုမျိုးလဲ? အလွယ်ကူဆုံးဥပမာပေးရရင် စိတ်ထဲမကျေမနပ်ဖြစ်ပေမယ့် ပြုံးပြရတဲ့အခါကို စဉ်းစားကြည့်၊ ရုပ်ကပြုံးနေပေမယ့် စိတ်က မကျေနပ်ဘူး။ စိတ်နဲ့ ရုပ်သဘောကို မြင်သွားပြီ။ ဒါပေမယ့် စိတ်နဲ့ ရုပ်ဟာ အစ္စလာမ်ဘာသာအလိုအရ သီးခြားစီမဟုတ်ဘူး။ တစ်နည်းပြောရရင် ရုပ်ခန္ဓာမရှိဘဲ စိတ်ဟာ သီးခြားမရပ်တည်နိုင်ဘူး။ စိတ်ကလည်း တဖန် ခန္ဓာကိုယ် အနောက်ကိုလိုက်တယ်။ တကယ်လို့ ခန္ဓာကိုယ်ရုပ်ကြီးက ရှေ့ကိုတိုးသွားမယ်ဆိုရင် စိတ်ကလည်း ခန္ဓာကိုယ် ရွေးလျားမှုနဲ့အတူပါသွားတာပဲ။ (လူရထားပေါ်ပါသွားရင်၊ စိတ်လည်း ရထားပေါ်သွားတယ်)။ နောက်အစ္စလာမ့်သဘောတရားတစ်ခုက စိတ်နဲ့ရုပ်ဟာ အပြန်အလှန်သက်ရောက်မှုရှိတယ်။ ဥပမာ လူတစ်ယောက်က စိတ်မှာ ဝမ်းနည်းခြင်းကို ခံစားရတဲ့အခါ ရုပ်ခန္ဓာမှာ မျက်ရည်ကျလာတယ်။ စိတ်ကနေ ရုပ်ခန္ဓာကို သက်ရောက်တာ။ နောက်အပြန်အလှန်အနေနဲ့ အကြောင်းတစ်ခုခုကြောင့် ဦးခေါင်းကို ခိုက်မိထိခိုက်ဒဏ်ရာရမယ်ဆိုရင် စိတ်ဝိညာဉ်မှာ မေ့လျော့တာ၊ မှတ်ဉာဏ်ဆုံးရှုံးတာတွဖြေစ်နိုင်တယ်။ ဒါက ရုပ်ကြောင့် စိတ်ဝိညာဉ်မှာ သက်ရောက်မှုဖြစ်တာ။ ဒါဟာ ဘယ်လောက်တောင်ထင်ရှားသလဲဆိုရင် တကယ်လို့ လူဟာအသက်ကြီးလား ရုပ်ခန္ဓာဟာ အလွန်အမင်းအိုမင်းလာရင် စိတ်ကလည်း အိုမင်းမစွမ်းနိုင်တော့ဘူး။ သတိမေ့တတ်လာတယ်။ စိတ်အားလျော့လာတယ်။ အားငယ်တတ်လာတယ်။ တစ်ချို့လူကြီးတွေမှာ သူငယ်ပြန်လာတယ်။ နောက်ဆုံးရုပ်ခန္ဓာသေဆုံးတဲ့အချိန်မှာတော့ အစ္စလာမ့်သဘောအရ စိတ်ဝိညာဉ်ပါသေဆုံးသွားတယ်။ အစ္စလာမ်မှာ သေဆုံးသွားတဲ့ ရုပ်ခန္ဓာကို မြမြေုပ်တယ်။ ဒါနဲ့အတူ တနည်းအားဖြင့် စိတ်ဝိညာဉ်ပါ မြမြေုပ်ခံရပြီး ပျောက်ဆုံးသွားပြီဖြစ်တယ်။ ဘာအတ္တကောင် ဘာဝိညာဉ်မှမရှိတော့ဘူး။ ကျမ်းမြတ်ကိုရ်အာန်မှာ အသက်အရွယ်ကြီးရင့်လာတာနဲ့ စိတ်ကလည်းအားနည်းလာမယ်ဆိုတာကို ခုလိုဖော်ပြထားတယ် " ကြီးရင့်သောအရွယ်၌ လူသည် တစ်ခုသောအဆင့်သို့ရောက်ရှိ၏။ ထိုအဆင့်၌သူသည် ယခင်ကရရှိပြီးသော အသိပညာများအားလုံးကို ဆုံးရှုံးရလေသည်။ " (ကိုရ်အာန် - ၂၂း၅)

ဒါတင်မက ကျမ်းတော်မြတ်ကိုရ်အာန်မှာ လူအပါအဝင် စကြာဝဠာခမ်သိမ်းအားလုံးဟာ မမြဲဘဲတစ်ချိန်မှာ ပျောက်ပျက်သွားမှာဖြစ်ပြီး ဘုရားသခင်တစ်ပါးတည်းသလျှင် ကျန်ရစ်မှာဖြစ်ကြောင်း မိန့်ကြားထားတယ်။ " ကမ္ဘာမြေပေါ်တွင် ရှိရှိသမျှသော အရာခပ်သိမ်းတို့သည် လုံးဝပျောက်ပျက်ရမည်သာတည်း။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဘုန်းတန်ခိုးကျက်သရေ ဂုဏ်အင်အပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်၏ မျက်နှာတော်သာလျှင် ကျန်ရှိနေတော်မူအံ့ " (ကိုရ်အာန် - ၅၅း၂၆-၂၇)

ဒါဆို နိဗ္ဗာန်တို့ ငရဲတို့ ကို သွားမယ့်သူတွေက ဘယ်လိုပြန်ဖြစ်လာမှာလဲ? ဘုရားရှင်က ဖန်ဆင်းခြင်း အသစ်တစ်ခုကိုပြုလုပ်မှာဖြစ်တယ်။ ဒီဖန်ဆင်းခြင်းက သူတို့လုပ်ခဲ့တဲ့ ကောင်းမှုမကောင်းမှုအကျိုးဆက်ကနေ ထပ်မံဖန်ဆင်းခြင်းဖြစ်တယ်။ (ဗုဒ္ဓဘာသာမှာ အလားတူ ဘဝကူးတဲ့အခါ ခန္ဓာကိုယ်ထဲကဝိညာဉ်ထွက်သွားပြီး ကူးတယ်လို့မယုံဘဲ ယခုဘဝမှာလုပ်ခဲ့တဲ့ကောင်းမှုမကောင်းမှုအကျိုးဆက်ကနေ နောက်ဘဝဖြစ်တယ်လို့ ယုံကြည်တယ်။ ဤကားမှတ်ချက်။)


လူ့လောကမှာ ဒီအနတ္တသဘောတရား ပြုပြင်စီရင်ခြင်းခံရတဲ့သဘောတရား၊ လည်ပတ်ပုံကို ပဋိစ္စသမုပ္ပါဒ် နဲ့ ဖော်ပြတယ်။ ထူးခြားချက်တစ်ခုက (အစ္စလာမ့်သဘောနဲ့တူတာက) မြတ်ဗုဒ္ဓပွင့်ရာ အိန္ဒိယနိုင်ငံ အဇန္တလှိုဏ်ဂူ နံရံမှာ ရေးဆွဲထားတဲ့ သင်္ခါရတရားကိုဖော်ပြတဲ့ ပုံတွေမှာ အိုးထိန်းစက်၌ အိုးထိန်းသည်က အိုးတွပြေုလုပ်နေပုံကို ဖော်ပြထားတယ်။ ဒါပေမယ့် တိဗက်ရောက်တဲ့ ပန်းချီကားတွေမှာတော့ အိုးထိန်းသည်ကို မတွေ့ရတော့ဘူး။ အလားတူ ဂျပန်ရောက်တဲ့ ပန်းချီကားတွေမှာလည်း အိုးထိန်သည်ကို မတွေ့ရဘူး။ (Mrs Rhys David- Buddhist Origin) 

ဒါကို ကြည့်ရင် အိုးထိန်းသည် တနည်းအားဖြင့် ထာဝရဘုရား ရှိခြင်းက အနတ္တဝါဒကို သတ်မှတ်တာဖြစ်နိုင်သလို လူအပါအဝင်စကြာဝဠာခပ်သိမ်းရဲ့ မြဲမြံခြင်း မမြဲခြင်း၊ အစဉ်သဖြင့် ရှိခြင်း မရှိခြင်း၊ လူရဲ့အပြည့်အဝစွမ်းနိုင်ခြင်း မစွမ်းနိုင်ခြင်း စတာတွေကိုသုံးသပ်ပြီးလည်း အနိစ္စ၊ နိစ္စ၊ အနတ္တ၊ အတ္တ သတ်မှတ်နိုင်တာကို သတိထားမိမယ်။ တနည်းအားဖြင့် လူကို အထူးပြုပြီး အနတ္တကို အဓိပ္ပါယ်ဖွင့်ရင် အခြားဘာသာတရားတွေမှာ လူကို ကြည့်ပြီးသုံးသပ်ရမယ်။ ကိုယ့်ဆီမှာ လူရဲ့ အနေအထားကို သုံးသပ်ရင် တခြားတစ်ဘက်မှာလည်း ထပ်တူညီတဲ့ လူရဲ့အနေအထားကိုပဲသုံးသပ်သင့်တယ်။တစ်ချို့ကတော့ ဗုဒ္ဓဘာသာမှာ လူက အနတ္တလို့ယူတယ်။ အစ္စလာမ်ဘာသာမှာ လူက အခုပြောပြတော့ အနတ္တတော့ ဟုတ်ပါပြီ ဒါပေမယ့် ထာဝရဘုရားရှိနေတော့ အတ္တလို့ဆိုဦးမယ် ဆိုရင် နှိုင်းယှဉ်တာထပ်တူမကျတာကို သတိပြုရမယ်။ အိနိ္ဒယလှိုဏ်ဂူကပန်းချီ ဥပမာကို ကြည့်ရင် အိုးထိန်းသည်ပါပြီး အနတ္တဝါဒကို ဖော်ပြနိုင်တာကို သတိထားမိမယ်။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာသဘောတရားအရအနတ္တဝါဒကို အစ္စလာမ်မှာလည်းအလားတူ တွေ့နိုင်တာကို သတိပြုမိပါလိမ့်မယ်။

အောင်သန်းလွင်
(စာရေးသူ၏ ကိုယ်ပိုင်အမြင်သာ...။)

Monday, December 15, 2014

အချို့မွတ်စလင်များမှ အမျိုးသမီးဆွေမျိုးများအား ဂုဏ်သိက္ခါအတွက်သတ်ဖြတ်ခြင်း (Honour Killings)

မကြာသေးမီက လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိလာတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးကို သူ့ရဲ့အစ်ကိုနဲ့မောင်တွေက သတ်ဖြတ်ခဲ့ကြပါတယ်။ သူတို့က ဒီလုပ်ရပ်ကို မိဘမျိုးရိုးရဲ့ ဂုဏ်သိက္ခါကို ကာကွယ်တဲ့အနေနဲ့သတ်ဖြတ်တယ် (သို့) ဂုဏ်သိက္ခါအတွက် သတ်ဖြတ်ခြင်း (Honour Killing) လို့ မှတ်ယူကြပါတယ်။ စိတ်မကောင်းစရာက အစ္စလာမ်သာသနာမှာ " ဘုရားရှင်(အလ္လာဟ်) အတွက် " ဆိုပြီးလုပ်တဲ့လုပ်ရပ်တွေမှာ မသိမိုက်မဲတဲ့ လုပ်ရပ်တွေအမြောက်အများရှိနေတာပဲဖြစ်တယ်။ ဒါတွေက စစ်မှန်တဲ့ အစ္စလာမ်သာသနာနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ပြောရမှာဖြစ်တယ်။ ဒါတွေဟာ မစဉ်းစားဘဲရှေးရိုးအစဉ်အလာအတိုင်းလိုက်ခြင်း သို့မဟုတ် အသိဉာဏ်နည်းပါးခြင်းသာဖြစ်ပါတယ်။ ကံမကောင်းစွာပဲ ယနေ့ မွတ်စလင်တွေဟာ ဘုရားရှင်(အလ္လာဟ်အရှင်မြတ်) ကို ကြောက်ရမယ့်အစား သူတို့ရဲ့ ဆွေမျိုးတွေ၊ အသိုင်းအဝိုင်းတွေ တနည်းအားဖြင့် လူတွေကိုကြောက်ရွံ့နကြေပါတယ်။

တနည်းဆိုရရင် သူတို့ဟာ သူတို့ဆွေမျိုးအသိုင်းအဝိုင်းတွေပျော်ရွှင်ဖို့အတွက် အစ္စလာမ်သာသနာရဲ့ သင်ကြားချက်တွေနဲ့ ဆန့်ကျင်နေမယ့်အရာမျိုးတွေ လုပ်ကြဖို့ ဝန်မလေးကြဘူး။ ဒီမိန်းကလေးရဲ့ အစ်ကိုမောင်တွေရဲ့ လုပ်ရပ်ဟာ အစ္စလာမ့် သွန်သင်ချက်မဟုတ်ပါ။ မည်သူတစ်ဦးတစ်ယောက်ကမျှ အခြားသူတစ်ဦးတစ်ယောက်ကို ယခုကဲ့သို့ သတ်ဖြတ်ခြင်းမပြုနိုင်ပါ။ တစ်စုံတစ်ယောက်က သင့်ရဲ့ မိသားစုဝင်တစ်ဦးကို သတ်ဖြတ်ခဲ့မယ်ဆိုရင် သင်ဟာ လက်စားချေခွင့် (သို့) သင့်တော်တဲ့ တုန့်ပြန်မှုကို ရထိုက်ပါတယ်။ ဒါဟာ ကျူးလွန်တဲ့သူကို သေဒဏ်ပေးတာ သို့ ငွေဒဏ်ပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအမှုအခင်းကို အရင်စစ်ဆေးရပါမယ်။ ဥပဒေကြောင်းအရအပြစ်ဒဏ်ပေးခြင်းသာဖြစ်သင့်ပြီး မည်သည့်နည်းနှင့်မျှ သင်ကိုယ်တိုင် စီရင်ခွင့်မရှိပါ။ အထက်ကဖော်ပြတဲ့ ဖြစ်စဉ်မှာ စုံတွဲဟာ လက်မထပ်ဘဲ ကာမေသုမိစ္ဆာမှုကိုကျူးလွန်ခဲ့တာပါ။

လိင်မှုကိစ္စဖောက်ပြန်ခြင်း သို့ ကာမေသုမိစ္ဆာမှုကို ကျူးလွန်တဲ့သူကို ကျောက်ခဲနဲ့ သေအောင်ပေါက်သတ်ရမယ်လို့ မွတ်စလင်တော်တော်များများက ယုံကြည်ကြပါတယ်။ တကယ်တော့ ဒီပြစ်မှုကျူးလွန်သူကို ခုလိုအပြစ်ပေးတာဟာ ဂျူးဘာသာ(ဓမ္မဟောင်း-တရားဟောရာကျမ်း - ၂၂: ၁၃ -၂၁) ကျမ်းစာအလိုအရသာဖြစ်ပါတယ်။ တမန်တော်မြတ်က ကျမ်းတော်မြတ်ကိုရ်အာန်အပြည့်အစုံ မကျရောက်သေးခင်က တစ်ခါတစ်ရံမှာ ဂျူးတွေရဲ့ဓမ္မဟောင်းကျမ်းလာဥပဒေကို အသုံးပြုပါတယ်။ ကိုရ်အာန်ကျမ်းစာမှာ ဒီပြစ်ဒဏ်အတွက် ကြိမ်ဒဏ် အချက် (၁ဝဝ) ဆိုတဲ့ ကိုရ်အာန်မုက္ခပတ်တော်( အစ္စလာမ့်ဥပဒေ )ကျရောက်ပြီးတဲ့နောက်မှာတော့ ပြစ်မှုကျူးလွန်တဲ့ မွတ်စလင်ရဲ့အပြစ်ဒဏ်က ပြောင်းလဲသတ်မှတ်ပြီးဖြစ်ပါတယ် (ကြိမ်ဒဏ်သာလျှင်ဖြစ်)။ ဒီလိုအခြေအနေမျိုးတော့ရှိပါတယ်။ အဲ့ဒါက တကယ်လို့ ဂျူးဘာသာဝင်တစ်ဦးဟာ တမန်တော်မြတ်ထံကို ဒီမကောင်းမှုနဲ့ ပတ်သတ်ပြီး အပြစ်ဒဏ်ပေးဖို့လာရောက်ပြောကြားတယ်ဆိုရင် ဒီအခြေအနေမျိုးမှာ သူ့ကို အစ္စလာမ့်ဥပဒေကို ရွေးမလား ဂျူး (ဓမ္မဟောင်း) ဥပဒေကို ရွေးချယ်မလားဆိုတာ မေးမြန်းမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဂျူးဘာသာဝင်ဟာ ဓမ္မဟောင်းဥပဒေကိုသာရွေးချယ်ရမှာဖြစ်ပြီး တကယ်လို့ သူဟာ အစ္စလာမ့်ဥပဒေကို ရွေးချယ်မယ်ဆိုရင်တော့ သူဟာ အစ္စလာမ်ဘာသာဝင်ဖြစ်လာရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ကာလရဲ့ (အစ္စလာမ့်ဘာသာရေးခေါင်းဆောင်) အချို့ဟာ အခန်းကြီး ၂၄ အခန်းငယ် ၃ က ကျမ်းမြတ်ကိုရ်အာန်ရဲ့ သွန်သင်ချက်ကို ကျော်လွန်ပြီး ကျောက်ခဲနဲ့ပေါက်သတ်တဲ့ ဟဒီးစ်ကို အတင်းအဓမ္မလက်ခံစကြေပါတယ်။ မွတ်စလင်အများစုကလည်း ဒီမော်လဝီတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံကြပါတယ်။ တကယ်တော့ ကြိမ်ဒဏ်အချက်တစ်ရာ သတ်မှတ်တယ်ဆိုရင်တောင်မှ ကျူးလွန်တဲ့အဖြစ်အပျက်ကို မျက်မြင်သက်သေလေးယောက်ရှိရပါမယ်။ ကိုယ်ဝန်ရှိတာတစ်ခုတည်းနှင့်မလုံလောက်ပါ။ ဒါ့အပြင် ကြိမ်ဒဏ်ဟာ အရိုးမကျိုးစေရဘူး။ အသက်မသေစေရပါဘူး။ အရပြေားကိုသာထိခိုက်စေရပါမယ်။ အကြောင်းက ကြိမ်ဒဏ်ကို လူထုကြားမှာ ပေးရတဲ့ ရည်ရွယ်ချက်က ကျူးလွန်သူအတွက် အရှက်ရစေအောင်ဖြစ်ပြီး သူ့ကိုသတ်ဖို့ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရစေဖို့မဟုတ်ပါ။

တစ်ခါတစ်ရံမှာ တစ်ချို့မိဘတွေဟာ ဒီလိုကိစ္စမျိုးတွေကို တားမြစ်ဖို့ သူ့တို့သားသမီးတွေကို အယူပြင်းတဲ့ပါကစ္စတန်လို အစရှိတဲ့တိုင်းပြည်မျိုးကိုပို့ချင်ကြတယ်။ တစ်ချို့တစ်လေကလည်း ကျူးလွန်သူကို အဆက်အသွယ်ဖြတ်ပစ်တာ၊ စွန့်လွှတ်ပစ်တာ စတဲ့ ပိုအစွန်းရောက်တဲ့အပြုအမူတွပြေုလုပ်ကြတယ်။ ဒီနည်းလမ်းတွေသုံးနိုင်ပေမယ့် ထိရောက်တဲ့အပြစ်ပေးနည်းမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကို သတ်ဖြတ်တာကိုတော့ အစ္စလာမ်က လုံးဝခွင့်မပြုပါဘူး။ ဂုဏ်သိက္ခါ (အီဇာတ်) ဟာ မွတ်စလင်မိသားစုတွေအတွက် အလွန်ပဲအရေးပါပါတယ်။ သူတို့ဟာ တခြားမိသားစုဝင်တွေကို မျက်နှာချင်းဆိုင်ရမှာနဲ့၊ အသိုင်းအဝိုင်းထဲမှာ အရှက်တကွဲအကျိုးနည်းဖြစ်မယ့်အစား တစ်ဖက်စွန်းတစ်ခုခုရောက်တဲ့အပြုအမူတွေကိုလုပ်ဆောင်ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ မွတ်စလင်တွေရဲ့ တာဝန်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ နှစ်သက်မှုကို ရှာမှီးရမှာဖြစ်ပြီး အရှင်မြတ်ရဲ့ အမျက်တော်ကိုကိုရှောင်ရှားရမှာဖြစ်တယ်။ ဒါ့ကြောင့် မိသားစုနဲ့ မိတ်ဆွေအသိုင်းအဝိုင်းမှာ မျက်နှာမပျက်ရအောင် အစ္စလာမ့်နည်းလမ်းမကျတဲ့အရာတွေကို လုပ်ဆောင်တာမျိုးမလုပ်ဘဲ ဘုရားရှင်နှစ်သက်မှုကို ဦးစားပေးရမှာဖြစ်တယ်။ ဒီအထောက်အထားတွေအရ "ဂုဏ်သိက္ခါအတွက်သတ်ဖြတ်ခြင်း" ဆိုတဲ့လုပ်ရပ်ဟာ အစ္စလာမ်နဲ့ မဆိုင်ဘဲ ကိုရ်အာန်ကျမ်းမြတ်ကလည်း လုံးဝထောက်ခံမှုမပြုတာကိုတွေ့ရမှာဖြစ်တယ်။


Source: www.Understand-Islam.org 

အင်္ဂလိပ်ဘာသာဆောင်းပါးမှ ဆီလျှော်အောင်ဘာသာပြန်ဖော်ပြသည်။

Wednesday, September 10, 2014

မိုဟမ္မဒ် (Muhammad) (570-632) ဒေါက်တာ သန်းထွန်း (ကျော်စွာ ၁၀၀)

 မုဟမ္မဒ် (Muhammad) ကို ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်ထဲမှာ ထိပ်ကထည့်လိုက်တာကို တချို့လဲ အံ့သြမယ်၊ တချို့လည်း ဟုတ်ရဲ့လားကွယ်လို့ မေးခွန်းထုတ်မယ်။ သမိုင်းကို ပြန်ကြည့်ရင် ကိုးကွယ်ယုံကြည်မှုဘက်၊ ပြည်ရေးရွာမှုဘက် နှစ်ဖက်စလုံးမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

 အညတြအနေက ကမ္ဘာ့အကြီးဆုံး ကိုးကွယ်ယုံကြည်မှုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ယုံကြည်မှုကို ပေါ်ထွန်းစေတယ်။ အင်မတန် တန်ခိုးသြဇာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်ခဲ့တယ်။ ကွယ်လွန်ခဲ့တာ အနှစ်တစ်ထောင့်သုံးရာရှိပေမယ့် မုဟမ္မဒ်ရဲ့ သြဇာကြီးမား ရှင်သန်လျက်ရှိပါသေးတယ်။

မွတ်စလင် အင်ပါယာ (Muslim Empire) ခုနှစ်အလိုက် ကျယ်ပြန့်တိုးတက်လာပုံ

     ဒီကျမ်းထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်အများစုဟာ နိုင်ငံရေးအရ ဆုံလည်လို့ အချက်အချာဒေသ၊ ဓလေ့အရာမှာလည်း အမြင့်ဆုံးဒေသ၊ ယဉ်ကျေးမှု ဘက်မှာလည်း ဗဟိုဆိုတဲ့နေရာတွေမှာပဲ မွေးဖွားခဲ့တဲ့အချက်ဟာ ဒီပုဂ္ဂိုလ်တွေအတွက် အခြေခံကောင်းတယ်လို့ဆိုရပါမယ်။ ဒါပေမယ့် မုဟမ္မဒ်ကို အဲဒီအခါက စာပေကျမ်းဂန်၊အနုပညာနဲ့ ရောင်းဝယ်ရေး မထွန်းကား မတိုးတက်တဲ့ အာရေဘိယ (Arabia) တောင်ဘက် မက္ကာ (Mecca) မှာ ၅၇၀ က မွေးဖွားခဲ့တယ်။ ခြောက်နှစ်သားမှာ မိဘမဲ့ကလေးဖြစ်ရရှာပါတယ်။ အစ္စလာမ် (Islam) အစဉ်အဆက်ပြောစကားအရ စာမတတ်ပါ။ အသက်နှစ်ဆယ့်ငါးနှစ်မှာကြွယ်ဝတဲ့ မုဆိုးမနဲ့ အိမ်ထောင်ကျလို့ အနေအစားချောင်လည်လာပါတယ်။ ဒါပေမယ့် အသက်လေးဆယ်အထိသူ့ကို နောင်ထင်ရှားကြီးကျယ်မယ်လို့ ဘယ်သူမှ ထင်မှတ်ကြမယ် မဟုတ်ပါ။

 ဟိုတုန်းက အာရပ် (Arab) အများစုဟာ မိစ္ဆာအယူရှိကြတယ်။ ဘုရားပေါင်းစုံကိုးကွယ်တယ်။ မုဟမ္မဒ်ဟာ မက္ကာမှာ ဂျူး (Jew) နဲ့ ခရစ်ယာန် (Christian) လူနည်းစုတွေဆီက စကြဝဠာတစ်ခုလုံးကို စီမံအုပ်ချုပ်တဲ့ တစ်ဆူတည်းဘုရား၊ တန်ခိုးအကြီးဆုံးဘုရား ရှိတယ်လို့ ပြောဟောတာကို နာယူခဲ့ဖူးဟန်တူပါတယ်။ အသက်လေးဆယ်မှာ ဒီစစ်မှန်တဲ့ တစ်ဆူတည်းသောဘုရား (Allah) က တမန်တော်ကြီး ဂေဗရီယယ် ( Angel Gabriel) က တစ်ဆင့်အယူမှန်ကို ပျံ့နှံ့အောင်လုပ်ဖို့ သူ့ကိုရွေးချယ်တယ်လို့ သိရပါတယ်။

 အစပထမသုံးနှစ်မှာ နီးစပ်ရာအရင်းနှီးဆုံး မိတ်သဂငှ်ကိုပဲ ပြောဟောစည်းရုံးတယ်။ ပြီးမှ အေဒီ (၆၁၃) လောက်မှာ လူအများကို တွေ့ဆုံပြီး တရားဟောပါတယ်။ သူ့အယူဝါဒကို သက်ဝင်ယုံကြည်တဲ့လူ တဖြည်းဖြည်းများလာတဲ့အခါ မက္ကာ (Mecca) ကိုအုပ်ချုပ်သူတွေက အန္တရာယ်ပေးမယ့် မနှစ်မျို့ဖွယ် အနှောင့်အယှက်တစ်ခုလို့ သတ်မှတ်လိုက်တယ်။ အဖမ်းအချုပ်လွတ်အောင် (၆၂၂) ခုနှစ် မှာ မက္ကာကမြောက်ဘက် မိုင် (၂၀၀) ကွာ မဒီနာ (Medina) ကိုပြေးခဲ့ရတယ်။ မဒီနာမှာ နိုင်ငံရေးအာဏာ အသင့်အတင့်ရရှိသူ တစ်ဦးဖြစ်လာပါတယ်။

 တိမ်းရှောင်တာကို ဟီဂျရာ (Hegira) ခေါ်ပါတယ်။ အဲဒီလို့ တိမ်းရှောင်ခြင်းဟာ ပရောဖက် (Prophet) ဘဝမှာ အတက်တကွေ့ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မက္ကာမှာတုန်းက နောက်လိုက် အသင့်အတင့်ရှိခဲ့ပါတယ်။ မဒီနာမှာ နောက်လိုက်တွေပေါများပြီး ဘုရင်တစ်ဆူလို ကြီးမြင့်လာခဲ့ပါတယ်။ နှစ်နည်းနည်း အတွင်းမှာပဲ နောက်လိုက်ခြွေရံသင်းပင်း အများကြီးဖြစ်လာတယ်။ မဒီနာ နဲ့ မက္ကာစစ်ပွဲအပြန်အလှန် အများကြီးတိုက်ခိုက်ကြရတယ်။ ၆၃၀ ခုနှစ်မှာ မက္ကာကို စစ်အောင်နိုင်သူအဖြစ်နဲ့ ပြန်ရောက်ပါတယ်။ မကွယ်လွန်မီ တစ်နှစ်ခွဲအတွင်းမှာ ယုံကြည်မှုအသစ်ကို အာရပ်မျိုးတူစုတွေ (Arab tribes ) တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကူးပြောင်းလာကြလို့ မုဟမ္မဒ် ကွယ်လွန်တဲ့ (၆၃၂) ခုနှစ် အခါမှာ တောင်ဘက် အာရေဘိယ တစ်ခုလုံးကို ကောင်းစွာအုပ်စီးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာပါတယ်။

 အာရေဘိယရဲ့ ဗဒူအင် (Bedouin) လူမျိုးစုဟာ အင်မတန် ကြောက်စရာကောင်းတဲ့ အစီအစဉ်ကောင်းတဲ့ စစ်သည်တွေလို့ ထင်ရှားကျော်ကြားတယ်။ လူဦးရေကတော့ နည်းတယ်။ အချင်းချင်း မညီညွတ်လို့ နှစ်ဦးနှစ်ဖက်စလုံး ပြုန်းတီးပျက်စီးကျဆုံးရတဲ့ စစ်ပွဲတွေ ဆင်နွှဲနကြေလို့ သူတို့ရဲ့မြောက်ဘက်က သူတို့ထက်အင်အားကြီးပြီး စိုက်ပျိုးရေးနဲ့ အခြေတကျ ကြီးပွားနေတဲ့ နိုင်ငံတွေရဲ့ တပ်တွေကို မယှဉ်ပြိုင်နိုင်ခဲ့ကြပါ။ ဒါပေမယ့် မုဟမ္မဒ် စုစည်းပေးလို့ သူတို့သမိုင်းတလျှောက်မှာ အခုလိုညီညွတ်မှုကို မရစဖူးရပြီး တစ်ဆူတည်းဖြစ်ပြီး စစ်မှန်သော ဘုရား (God) ကို အပြင်းအထန် စွဲမြဲယုံကြည်စိတ်နဲ့ အာရဗ် (Arab) တပ်ငယ်ကလေးတွေဟာ လူ့သမိုင်းမှာ အင်မတန်အံ့သြစရာကောင်းလောက်အောင် တစ်ခါထက်တစ်ခါ သာလွန်အောင်မြင်တဲ့ ပွဲစဉ်တွေကို တိုက်ခိုက်ခဲ့ကြတယ်။ အာရေဘိယရဲ့ အရှေ့မြောက်မှာ ဆက်စနစ် (Sassanids) တွေရဲ့ ပါရှန်အင်ပိုင်ရာသစ် (Neo-Persian Empire) ရှိတယ်။ အနောက်မြောက်မှာ ကွန်စတန်တီနိုပယ် (Constantinople) ကို ဗဟိုပြုတဲ့ ဗိုင်ဇန်တိုင်း (Byzantine) ခေါ်တဲ့ အရှေ့ရောမအင်ပါယာရှိတယ်။ ဂဏန်းအရေအတွက်ချပြီး ပြောကြမယ်ဆိုရင် ဒီရန်သူတွေကို အာရပ်တွေမယှဉ်နိုင်ပါ။ လက်နက်နဲ့ ယှဉ်ရတဲ့ စစ်ပွဲမှာတော့ တစ်မျိုးပဲ၊ ယုံကြည်မှု နှိူးဆွထားတဲ့ အာရပ်တွေက ခပ်မြန်မြန်ပဲ မက်ဆိုပိုတေးမီးယား (Mesopotamia)၊ ဆီးရီးယား (Syria)၊ နဲ့ ပါလက်စတိုင်း (Palestine) တို့ကို သိမ်းယူနိုင်ခဲ့တယ်။ အီဂျစ် (Egypt) ကို (၆၄၂) မှာ ဗိုင်ဇန်တိုင်း အင်ပါယာထဲက ဖဲ့ယူပြီး ပါသျှ (Persia) တပ်တွေကို (၆၃၇) ကာဒီဆီးယား (Qadisiya) စစ်ပွဲနှင့် (၆၄၂) နေဟဗင် (Nehavend) စစ်ပွဲတွေမှာ ချေမှုန်းနိုင်ခဲ့တယ်။ ဒီနှစ်ပွဲဟာ အရေးအပါဆုံးပဲ။ ဒီပွဲနှစ်ပွဲနိုင်ရင် ကျန်ပွဲတွေဟာ မမှုလောက်တော့ဘူးလို့ ဆိုရမယ့် ပွဲတွေပါပဲ။

 မုဟမ္မဒ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွဖြေစ်ပြီး မုဟမ္မဒ်ကို ဆက်ခံသူ တွဖြေစ်တဲ့ အဗူဗကရ် (Abu Bakr) နဲ့ အိုမရ် အိဗ်နေ့ အလ်ခတ္တဗ် (Umar ibn Al Khattab) တို့က ကြီးမားလှတဲ့ အောင်မြင်သိမ်းပိုက် ပွဲတွေဆက်လုပ်ခဲ့တာမျှနဲ့လဲ အာရပ်တိုးတက်ကြီးပွားရေးဟာ မရပ်သေးဘူး အာရပ်တပ်မကြီးတွေဟာ မြောက်အာဖရိကကိုဖြတ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းခြေအထိ (၇၁၁) ခုနှစ်မှာ နယ်မြေသိမ်းယူပွဲကြီးလုပ်ပြီးနောက် မြောက်ဘက်ကို ဦးတည်ပြီး ဂျီဘရော်တာ (Gibraltar) ရေလက်ကြားကိုဖြတ် စပိန် (Spain) က ဗီစီဂေါ့သ် (Visgothic) နိုင်ငံကို လွှမ်းမိုးလိုက်သေးတယ်။

 ဥရောပရဲ့ ခရစ်ယာန်နိုင်ငံတွေအားလုံးကို မူစလင် (Muslim) က ဝါးမျိုတော့မလောက် စိုးရိမ်ရတဲ့ အခြေရောက်လုဆဲဆဲဖြစ်ပြီးမှ (၇၃၂) ခုနှစ်မှာ နာမည်ကျော် တိုး (Tours) ပွဲမှာ ပြင်သစ်နိုင်ငံ အလယ်ပိုင်းအထိပေါက်မြောက်နပြေီဖြစ်တဲ့ မူဆလင်တပ်တွေကို ဖရန့်စ် (France) တွေက နိုင်လိုက်ပါတယ်။ ဒီလို တစ်ရာစုနှစ်မျှလောက် လှူပ်ရှားတိုက်ခိုက်ရုံနဲ့ ဗဒူအင် (Bedouin) လူမျိုးတွေဟာ တမန်တော် (Prophet) ရဲ့ အားပေးစကားမျှနဲ့ အိန္ဒိယနယ်စပ်က အတ္တလန္တိတ်သမုဒ္ဒရာထိ ကျယ်ပြန့်တဲ့ နယ်မြေကို ရယူနိုင်တာဟာ အံ့သြရမှာဖြစ်တယ်။ အခုအထိ ကမ္ဘာမှာ ဒါလောက်ကျယ်ပြန့်တဲ့ အင်ပါယာမျိုး မမြင်သေးဘူးပါ။ အဲဒါအပြင် သူတို့သိမ်းယူတဲ့ နေရာတိုင်းမှာ သူတို့အယူကို လူတွေအများကြီးက ပြောင်းယူလာကြတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။

 ဒီလိုအောင်ပွဲတွေအကြာအရှည် တည်မြဲတယ်လို့တော့ မဆိုနိုင်ပါ။ တမန်တော် (Prophet) ရဲ့အယူကို ဆက်လက်ခံယူတယ်ဆိုပေမယ့် အာရပ်လက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေရှိပါတယ်။ စပိန်မှာဆိုရင် အနှစ် (၇၀၀) ကျော်ကြာအောင် တိုက်ကြပြီးမှ ခရစ်ယာန် အယူရှိသူတွေက ကျွန်းဆွယ်တစ်ခုလုံးကို ပြန်ရပါတယ်။ ရှေးအကျဆုံး ယဉ်ကျေးမှု စတင်ထွန်းကားတဲ့ မက်ဆိုပိုတေးမီးယား နဲ့ အီဂျစ် မှာလိုပဲ အာရပ်နိုင်ငံဖြစ်တဲ့ မြောက်အာဖရိက ကမ်းခြေတစ်လျှောက်မှာလည်း ဒီအတိုင်းပဲတွေ့ရတယ်။ ကိုးကွယ်ယုံကြည်မှုသစ်ဟာ အဲဒီနောက် ရာစုနှစ်ပေါင်းများစွာ မလွဲဧကန် ဆက်လက်ပြန့်နှံ့ခဲ့ပါတယ်။ စတင်ထွန်းကားရာဒေသကနေ အများကြီးေဝးကွာတဲ့ အရပ်တွေကို ရောက်သွားပြီး အာဖရိကနဲ့ အာရှအလယ်ပိုင်း တွေမှာ ယုံကြည်သူ သန်းပေါင်းများစွာရှိသလို ပါကစ္စတန် နဲ့ အိန္ဒိယမြောက်ပိုင်း၊ ပြီးတော့ အင်ဒိုနီးရှားမှာ ပိုလိုတောင်များသေးတယ်။ အင်ဒိုနီးရှားဆိုရင် အားလုံးပေါင်းစပ်မိအောင် ကိုးကွယ်ယုံကြည်မှုက ဆောင်ရွက်ပေးပါတယ်။ အိန္ဒိယလို တိုက်ကြီးတစ်တိုက်နီးပါး ကြီးမားကျယ်ပြန့်တဲ့နေရာမှာတော့ ဟိန္ဒူ၊ မူဆလင် ပဋိပက္ခဟာ ညီညွတ်ရေးရဖို့ အကြီးဆုံးအဟန့်အတားဖြစ်ခဲ့ပါတယ်။

 မုဟမ္မဒ်ကို လူ့သမိုင်းမှာ သြဇာအရှိဆုံးလို့ အကဲဖြတ်ဖို့ ခက်မနေဘူးလားလို့ မေးစရာရှိပါတယ်။ တခြားကိုးကွယ်ယုံကြည်စရာ ဘာသာတရားတွေလိုပဲ အစ္စလာမ်တရားက ယုံကြည်သူတွေရဲ့ ဘဝလမ်းကြောင်းကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒီအချက်ကြောင့်ပဲ ဒီစာအုပ်မှာ ဘာသာတရားခေါင်းဆောင်တွေကို ထိပ်တန်းကတင်ထားရတာဖြစ်ပါတယ်။ အကြမ်းအားဖြင့် ခရစ်ယာန်သာသနာဝင် လူဦးရေက မူစလင်လူဦးရေထက် နှစ်ဆလောက်များနေတယ်ဆိုပေမယ့် မုဟမ္မဒ်က ယေရှူ (Jesus) ထက်သာတယ်ပြောရင် လွယ်လွယ်ကူကူ ပြောကြတယ်၊ ဟုတ်ပါ့မလားလို့ မေးစရာဖြစ်တယ်။ ဒီဘက်ကပြစရာ အရေးပါတဲ့ အကြောင်းအချက် နှစ်ခုရှိပါတယ်။ ပထမတစ်ချက်က အစ္စလာမ် ပြန့်ပွားဖို့ မုဟမ္မဒ်တာဝန်ယူပုံက ခရစ်ဝါဒပြန့်ဖို့ ဂျေစပ် (Jesus) တာဝန်ယူပြီးဆောင်ရွက်ပုံထက် အများကြီးထိရောက်ပါတယ်။ လူဓလေ့ လူ့စရိုက်ဆိုင်ရာ ပဓာန သဘောတရားတွေမှာ ခရစ်ယာန်အယူဝါဒက ဂျူးဝါဒီ (Judaism) နဲ့ခြားနားသမျှကို ဖွင့်ဆိုဟောပြောရာမှာ ဂျေစပ်ကတာဝန်ခံ ဟောပြောခဲ့ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ကျမ်းကို အရင်းမူလကျနအောင် ဖော်ထုတ်ပြီး ပျံ့နှံ့စေတာ ဓမ္မသစ် (New Testament) ရဲ့ အခန်းပေါင်းများစွာကိုရေးတာ၊ မူလဂျူးဝါဒနဲ့ ပိုပြီးပြန်လည်ပေါင်းစပ်မိအောင် ဆောင်ရွက်ပေးတာ စိန်ပေါလ် (St. Paul) ဖြစ်ပါတယ်။

 အစ္စလာမ်ရဲ့ ကျမ်းစာပိုင်းဆိုင်ရာနဲ့ အရင်းမူလကျင့်ဝတ်တွေကို ဖော်ထုတ်ဟောပြောသူက မုဟမ္မဒ်ဖြစ်တယ်။ အယူဝါဒသစ်ကို ရှေးအယူနဲ့ညှိူပေးတဲ့ နေရာမှာလဲ ရှေ့ဆောင်ဖြစ်တယ်။ အစ္စလာမ်ယုံကြည်မှု ကျင့်စဉ်ကို တီထွင်သူလဲဖြစ်တယ်။ မူဆလင် ကျမ်းစာဖြစ်တဲ့ ကိုရန် (Koran) ဆိုတာကလဲ အထက်ကောင်းက နှိူးဆော်တဲ့အတိုင်း ပြောတာပဲလို့ သူကိုယ်တိုင်ဖွင့်ဟပြောပြီးတော့ ဟောပြောသမျှကို အစီအစဉ်ကျနအောင် ရေးပေးသူလဲဖြစ်တယ်။ ပြောသမျှကို အမှားအယွင်း နည်းနိုင်သမျှနည်းအောင် မုဟမ္မဒ် အသက်ထင်ရှားရှိစဉ်ကပဲ ရေးသားကူးယူကြပြီး မုဟမ္မဒ်ကွယ်လွန်ပြီး မကြာမီမှာပဲ မူရင်းမူမှန်ဆိုတဲ့ ကျမ်းအနေအထားရောက်အောင် ရေးသားခဲ့ပြီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုရန်ဟာ မုဟမ္မဒ်ရဲ့ အတွေးအခေါ်နဲ့ ဆိုဆုံးမချက်တွေကို အမှန်အကန်ဆုံးဖော်ပြတယ်။ သူ့နှူတ်မြွက်စာကားတွေအတိအကျဖြစ်တယ်လို့ဆိုရပါမယ်။ ခရစ်တော် (Jesus Christ) ရဲ့စကားကို အတိအကျ မှတ်သားချက်မကျန်ခဲ့ပါ။ မူစလင်တွေမှာ ကိုရန်ဟာ အရေးပါအရာရောက်သလို ခရစ်ယာန်သာသနာဝင်တွေမှာလဲ သမ္မာကျမ်း (Bible) ဟာအရာရောက်ပါတယ်။ ကိုရန်ကို အရင်းမူလပြုပြီး မုဟမ္မဒ်ရဲ့သြဇာကြီးမားပုံဟာ ခရစ်ယာန်သာသနာမှာ ဂျေစပ်ခရစ် နဲ့ စိန်ပေါလ်နှစ်ဦးပေါင်းရဲ့ သြဇာကြီးမားပုံထက်ပိုပါတယ်။ သာသနာသက်ဝင် ယုံကြည်မှုအဆင့်နဲ့ပြောရရင် သမိုင်းမှာ မုဟမ္မဒ်ရဲ့ လူသားများအပေါ်မှာ လွှမ်းမိုးမှုဟာ ဂျေစပ်လွှမ်းမိုးတာနဲ့ အဆင်တူဖြစ်မယ် ထင်ပါတယ်။ 

ဆော်ဒီအာရေးဘီးယားနိုင်ငံ မက္ကာမြို့တော်ရှိ ကမ္ဘာ့မွတ်စလင်များအထွတ်အမြတ်ထားရာ ကာအ်ဘာ ဝတ်ကျောင်းတော်

     အဲဒါထက်ပိုတာရှိသေးတယ် (ဂျေစပ်နဲ့မတူတဲ့) မုဟမ္မဒ်ဟာ ယုံကြည်မှုခေါ်င်းဆောင်ဖြစ်သလို လူမှုခေါ်င်းဆောင်လည်းဖြစ်တယ်။ အာရပ်တွေရဲ့ နယ်မြေသိမ်းယူ အောင်မြင်သူတွေမှာ သူကနောက်က တွန်းအားလို့ဆိုရပါမယ်။ ခေတ်အဆက်ဆက် သြဇာအကြီးဆုံးနိုင်ငံရေး ခေါ်င်းဆောင်ဖြစ်ပါတယ်။

 အဖိုးတန်တဲ့ သမိုင်းဖြစ်စဉ် အမျိုးမျိုးတွေထဲမှာ နောက်ကကြိုးကိုင်ပြီး စီမံခန့်ခွဲတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်မပါပေမယ့်လဲ သူ့အလိုအလျှောက်ဖြစ်သွားမယ်ဆိုတာမျိုး ရှိတတ်ပါတယ်။ (ဥပမာ) ဆိုင်မွန်ဗော်လီးဗား (Simon Boliviar) လို လူမျိုးမွေးဖွားပေါ်ပေါ်က်ထွက်မလာပေမယ့်လည်း တောင်အမေရိက ကိုလိုနီတွေဟာ စပိန်လက်အောက်ကထွက်ပြီး လွတ်လပ်ရေးရကြမှာ ဖြစ်ပါတယ်။ အာရပ်တွေ နယ်ပယ်အများကြီးသိမ်းနိုင်တာမှာတော့ ဒီလိုပြောလို့မရနိုင်ပါ။ မုဟမ္မဒ်မပေါ်ခင်ကလဲဒါမျိုးမရှိခဲ့ဖူးဘူး။ သူမပါဘဲနဲ့ ဒါမျိုးဖြစ်မယ်လို့ အကြောင်းပြစရာမရှိပါ။ လူသမိုင်းမှာ နှိူင်းယှဉ်စရာ တစ်ခုတော့ရှိဖူးပါတယ်။ တစ်ဆယ့်သုံးရာစုနှစ်မှာ မွန်ဂို (Mongols) တွေ နယ်မြေအများကြီးတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဟာ အရင်းခံကြီးကြပ်ဆော်သြတဲ့ ဂျင်ဂျစ်ခန်း (Genghis Khan) ကြောင့်ဖြစ်ပါတယ်။ နယ်မြေကျယ်ပြန့်တာက အာရပ်တွေထက် ပိုကျယ်ပြန့်ပါတယ်။ ဒါပေမယ့် ကြာရှည်မတည်ပါ။ အခုဆိုရင် ဂျင်ဂျစ်ခန်း မပေါ်မီကနမြေဲဖြစ်တဲ့ ဇာတိအရပ်မှာပဲ မွန်ဂိုတွေနကြေပါတယ်။ အာရပ်ပိုင်ဆိုင်အုပ်စီးပုံနဲ့ သိပ်ကွာခြားပါတယ်။ အီရတ် (Iraq) ကနေ မော်ရိုကို (Morocco) အထိ အာရပ်နိုင်ငံတွေဟာ သံကြိုးကွင်းဆက်လို ဆက်နေပါတယ်။ အစ္စလာမ်အယူတစ်ခုတည်းကြောင့် ဆက်နေတာမျိုးမဟုတ်ပါ။ အာရပ်ဘာသာစကား၊ အာရပ်သမိုင်းနောက်ခံ၊ အာရပ်ဓလေ့တွေပါ အားလုံးပေါင်းစပ်ယှက်တွဲနေပါတယ်။ မူစလင်အယူဝါဒမှာ ကိုရန် (Koran) က အခရာဖြစ်နေတော့ ကိုရန်ကိုရေးထားတဲ့ ဘာသာစကားဟာ အာရပ်ဖြစ်တာနဲ့ပဲ အာရပ်ဒေသိကစကား (Dialects) တွေကို ပြီးခဲ့တဲ့ နှစ်တစ်ထောင့်သုံးရာအတွင်းမှာ တစ်နယ်နဲ့တစ်နယ် စကားပြောမပေါက်အောင်၊ ပွားများမလာအောင် ဟန့်တားပြီးဖြစ်ခဲ့ရပါတယ်။ အာရပ်နယ်တွေမှာ အချင်းချင်းကွဲပြားခြားနားမှုတွေ ရှိတတ်ပါတယ်။ ဒါလောက်နဲ့လည်းမျက်စိမလည်ပါနဲ့၊ သူတို့မှာ အမြဲရိုင်းပင်းညီညွတ်ရမယ်ဆိုတဲ့ အချက်ကြီးတစ်ခုအမြဲရှိနေပါတယ်။ ဥပမာ အီရန်(Iran) နဲ့ အင်ဒိုနီးရှား (Indonesia) နှစ်နိုင်ငံစလုံးဟာ အစ္စလာမ်အယူတူပြီး ရေနံအထွက်လဲတူပေမယ့် ၁၉၇၃-၇၄ ဆောင်းရာသီရေနံမထုတ်ဘဲထားတာမှာ အာရပ်နိုင်ငံအားလုံးပါတယ်။ အာရပ်နိုင်ငံတွေကသာ ဒီကိစ္စကိုလုပ်တာဖြစ်တယ်။ အဲဒါမတော်တဆ တိုက်ဆိုင်တယ်မထင်ပါနဲ့။

 အာရပ်တွေရဲ့ ခုနစ်ရာစုနှစ်က တိုက်ခိုက်သိမ်းသွင်းစစ်ဟာ လူ့သမိုင်းမှာ အခုထိ အရာရောက်တုန်းပဲဆိုတာ မမေ့ထိုက်ပါ။ ယုံကြည်မှုနဲ့ နိုင်ငံအုပ်ချုပ်ရေးကို တွဲဖက်ပေးတဲ့နေရာမှာ ဘယ်သူမှ မယှဉ်နိုင်အောင် ကောင်းမွန်အောင်မြင်တယ်။ အဲဒါရဲ့အရင်းခံက မုဟမ္မဒ်ရဲ့အစွမ်းဖြစ်လို့ သူ့ကို လူ့သမိုင်းမှာ တန်ခိုးသြဇာအကြီးမားဆုံးပုဂ္ဂိုလ်လို့မှတ်ယူရခြင်းဖြစ်ပါတယ်။

ဒေါက်တာသန်းထွန်း မြန်မာပြန်သော ကျော်စွာ ၁ဝဝ စာအုပ်မှ ကူးယူဖော်ပြပါသည်။


ဘာသာပြန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း

ဒေါက်တာ သန်းထွန်း

B.A.(Hons:), M.A., Ph.D, D.Lit. (London)
အငြိမ်းစားပါမောက္ခ၊ သမိုင်းဌာန၊ မန္တလေးတက္ကသိုလ်။
အဖွဲ့ဝင်၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်။
ဂုဏ်ထူးဆောင်ပါမောက္ခ၊ ရှေးဟောင်းသုတေသနပညာဌာန။
ဂုဏ်ထူးဆောင်ပါမောက္ခ၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။








မူရင်းစာရေးဆရာ၏ လူပုဂ္ဂိုလ်များ စီစဉ်ဆုံးဖြတ်ပုံ


၁) ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာကြီးမြင့် လာရပါသလဲ
၂) ဒီလူရဲ့ အစွမ်းနဲ့လူတွေဘယ်လောက်များများအကျိုးခံစားရသလဲ
၃) ဒီလူ့ကျေးဇူးကို လူတွေဘယ်လောက်ကြာကြာ ခံစားရပါသလဲ။

အဲ့ဒီမေးခွန်းသုံးခုနဲ့ပဲ လူတွေကို ပထမ ဒုတိယဆိုပြီး တန်းစီလိုက်တယ်။ အဲ့ဒီလိုလုပ်ပုံကို ကျွန်တော်ကြိုက်တယ်။ ဒါပဲ သမိုင်းနည်းလမ်းကျတယ်။ ဒါကြောင့် ကျော်ကြားတဲ့တခြားစာအုပ်တွေ မြန်မာဘာသာမပြန်မိဘဲ ဒီစာအုပ်ကျတော့မှ မြန်မာဘာသာပြန်မိပါတယ်။ (ဒေါက်တာသန်းထွန်း အမှာစာမှ)

မူရင်း စာအုပ်မှ လူပုဂ္ဂိုလ်များအစီအစဉ်မှ

၁။ မိုဟမ္မဒ်
၂။ အိုင်းဆက် နယူတန်
၃။ သခင်ယေရှု ဂျေစပ်ခရိုက်စ်
၄။ ဗုဒ္ဓ
၅။ ကွန်ဖြူးရှပ်

Wednesday, July 10, 2013

မေတ္တာကမ္ဘာ - ၂

ဘာသာရေးအကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ လူတွေရဲ့စိတ်ထဲ ရိုက်သွင်းခံထားရတဲ့ ရှည်ကြာစွဲမြဲနေတဲ့ ဘာသာရေးမုန်းတီးမှုတွေဟာ ယနေ့ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှု၊ ငြိမ်းချမ်းမှုတွေရဲ့ အဓိကအဟန့်အတားတွေထဲကတစ်ခုဖြစ်နေတယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာမြန်မာ့အရေးအကဲခတ်သူတွေကဆိုကြပါတယ်။ ထပ်ပြန်တလဲလဲဖြစ်ပျက်နေခဲ့တဲ့ ပဋိပက္ခတွေရပ်တန့်သွားဖို့ ဆက်မဖြစ်လာဖို့ ကျွန်တော်တို့ပြည်သူတွေထဲက အသိစိတ်ဓာတ်ရှိသူတွေကပဲ ဝိုင်းဝန်းထိန်းသိမ်းသွားရမှာပဲဖြစ်ပါတယ်။ မြန်မာပြည်ဟာ အမျိုးမျိုးကွဲပြားတဲ့ သဘာဝသယံဇာတတွေစုံလင်စွာ ထွက်ရှိတဲ့ကမ္ဘာမှာထူးခြားလှပတဲ့ တိုင်းပြည်တစ်ခုဖြစ်သလို တိုင်းရင်းသားလူမျိုးစုတွေနဲ့ အခြားလူမျိုး၊ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ တွဲဖက်ယှဉ်တွဲနေထိုင်ကြတဲ့ အရှေ့တောင်အာရှရဲ့ ဂုဏ်ယူစရာသဘောထားကြီးတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ မတူညီတွေအရောင်တွေနဲ့ ဆေးခြယ်တတ်တဲ့အခါ လှပတဲ့ ပန်းချီကားတစ်ချပ်ဖြစ်လာသလို ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာ မှီတင်းနေထိုင်ကြတဲ့ ဘာသာလူမျိုးပေါင်းစုံရဲ့ ကျရာအခန်းကဏ္ဍကနေ နိုင်ငံတိုးတက်ရေးအတွက် စုပေါင်းသဘောထားမကွဲလွဲပဲဆောင်ရွက်ခဲ့တဲ့အချိန်အခါတွေမှာ မြန်မာပြည်ရဲ့တိုးတက်မှုဟာ စံချိန်တင်ခဲ့တာ အာရှနဲ့ ကမ္ဘာကသိခဲ့ပါတယ်။


ယခုကျွန်တော်တို့ဟာ အောက်ကျနောက်ကျဖြစ်ခဲ့တာတွေဖယ်ပြီး အမုန်းအာဃာတတွေမပါပဲ ယျဉ်ကျေးပျူငှါတဲ့မြန်မာ့ဓလေ့နဲ့အတူ တိုးတက်တဲ့နိုင်ငံသစ်ကို မြန်မာ့မြေထဲက ဘာသာလူမျိုးအားလုံးအတူတကွပူပေါင်းပြီး နားလည်မှုရှိရှိနဲ့ ပြန်လည်တည်ဆောက်ကြဖို့ အားလုံးကလိုလားနပြေီဖြစ်ပါတယ်။ ယခင်သဘောထားမတိုက်ဆိုင်ခဲ့တဲ့လူအမြောက်အများလည်း ဒီဦးတည်ချက်မှာ ပါဝင်လာပြီဖြစ်လို့ ဝမ်းသာစရာကောင်းပေမယ့် မလိုတဲ့အဖျက်အမှောင့်အုပ်စုကလည်း အင်အားအတန်အသင့်ရှိနေတာကို မကြာခဏဖြစ်ပျက်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ်အကြမ်းဖက်မှုနဲ့ အခြားအကြမ်းဖက်မှုအမျိုးမျိုးတွေက သက်သေခံနေပါတယ်။ ခုလိုအချိန်အခါမှာ ပြည်သူထဲက အသိဉာဏ်ပညာရှိသူတွေဟာ မသိနားမလည်သူတွေ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်း၊ နိုင်ငံရေးမှိုင်း စတဲ့ အမှားကျူးလွန်မယ့် မှိုင်းတွေမတိုက်ခံရအောင် ဝိုင်းဝန်းထိမ်းသိမ်းပေးရမှာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော့်အနေနဲ့ နယ်ပယ်အသီးသီးက အသိပညာရှင် အတတ်ပညာရှင်တွေကို တကယ်ပဲအလေးထားမိပါတယ်။ Facebook ပေါ်မှာ နာမည်ကျော်လူသိများတဲ့ (ဆရာမဂျူး၊ Blogger ကိုနေဘုန်းလတ်၊ဆရာဝန်ကိုစိုးမင်း ) 
စတဲ့ စာရေးဆရာတွေဟာ ပြင်ပမှာ လူကိုယ်တိုင်တစ်မျိုး၊ online ပေါ်မှာ တစ်ဖုံ ပြည်သူတွေ အတွေးအခေါ်တိုးတက်စေဖို့ကြိုးစားနကြေပါတယ်။ လူမှုရေးမှာဆိုရင်လည်း ဆရာမဒေါ်သန်းမြင့်အောင်၊ ဦးကျော်သူစတဲ့ အဖွဲ့အစည်းတွေ၊ နည်းပညာပိုင်းမှာဆိုရင်လည်း ကိုညီလင်းဆက်၊ ဦးရဲမြတ်သူ စသူတွေဟာ နည်းပညာအကြောင်းအရာတွေအပြင် အခါအားလျှော်စွာ ယဉ်ကျေးတဲ့ မြန်မာ့ဓလေ့တွေကို ဖော်ထုတ်ရေးသားကြပါတယ်။ စာဖတ်သူတွေကို သိမ်မွေ့စကြေပါတယ်။ သူတို့ထဲမှာ ဘာသာလူမျိုးရေးမုန်းတီးမှုမပါကြပါဘူး။ ကျန်ခဲ့တဲ့ရက်ပိုင်းအတွင်း Page တွေ Facebook အကောင့်တွေက ဘာသာဝင်အချင်းချင်း လူမျိုးအချင်းချင်းမုန်းတီးမှုတွေပဲ လှုံ့ဆော်နကြေတဲ့အချိန်မှာ မန္တလေးက ဆရာဝန်ဒေါက်တာမောင်မောင်ဦးဟာ လူတွေအားလုံးချစ်ခင်စေမယ့် ကဗျာလေးတစ်ပုဒ်ရေးပါတယ်။ နိုင်ငံကြီးနှစ်ခုကြားမှာရှိတဲ့ မြန်မာနိုင်ငံဟာ မလွဲမရှောင်သာ ဒီနိုင်ငံနှစ်ခုကလူတွေနဲ့ထိစပ်ပါမယ်။ ဒါကို တချို့က အမွေဆိုးဆိုပြီး ပုံဖော်ကြပါတယ်။ ဆရာဒေါက်တာမောင်မောင်ဦးကတော့ ဘာအမွေဆိုးလို့မှမသတ်မှတ်ဘဲ စုံလင်တဲ့အရောင်တွေအဖြစ် ပန်းချီကားမှာရေးချယ်အလှဆင်လိုက်တဲ့ ကဗျာလေးဟာ ရာနဲ့ချီတဲ့လူတွေသဘောကျနှစ်သက်ပါတယ်။ ဒါဟာငြိမ်းချမ်းတဲ့သူတွေရဲ့သဘောထားဖြစ်ပါတယ်။ ဒီလိုအလှဆင်ခံရတဲ့သူတွေဟာ ဘယ်လိုများဖျက်လိုဖျက်စီးလုပ်ချင်တဲ့စိတ်ရှိပါ့မလဲ။ သူတို့တွေဟာမြန်မာတွေနဲ့ တသားတည်းဖြစ်ပါတယ်။

ဒါဟာ မဖြစ်သင့်တဲ့အခြေအနေတွဖြေစ်နေတာဆိုတာကိုသိပြီး ညီညွတ်စေချင်တဲ့ပညာတတ်ပုဂ္ဂိုလ်တွေရှိသလိုပဲ ဒီထဲမှာ သက္ကမိုးညိုဆိုတဲ့ Facebook အကောင့်ပိုင်ရှင် ဆရာဝန်တစ်ဦးကတော့ တခြားသူတွေနဲ့ ကွဲပြားစွာ ခုလိုအစ္စလာမ်ဘာသာကိုတရားခံ (Scapegoat) လုပ်ပြီး တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်လုပ်နေတဲ့သူတွေရှိတာကို သိပါလျက်နဲ့ အမုန်းမဲ့ကမ္ဘာခေါင်းစဉ်တပ်ပြီး နိုင်ငံတကာမှ အစ္စလာမ့်ဘာသာအကြောင်းတစ်ဖက်သက်မကောင်းရေးထားတဲ့ဆောင်းပါးများကို ဘာသာပြန်ကာ အခန်းဆက်တင်ပေးနေပါတယ်။ နိုင်ငံရေးမှာ နေရာတစ်ခုရထားပြီးနာမည်လူသိများတာက အကြောင်းပြုကာ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေဆိုသူကလည်း ကိုရ်အာန်ကျမ်းစာကို အရေးယူမည်စသဖြင့် အစ္စလာမ်ဘာသာကို တိုက်ခိုက်ပါတယ်။ ဘာသာရေးကြောင့် လူသိများမှုကို အကြောင်းပြုကာ ရှင်ဝီရသူ၊ရှင်ပညာဝရ စသည်တို့ကလည်း အစ္စလာမ်သာသနာကို အပုတ်ချတိုက်ခိုက်ကြပါတယ်။ ခုလည်း သက္ကမိုးညိုဟာ မိမိစာရေးသားတဲ့နောက်လိုက်တွေများလာတဲ့အခါ အချိန်အခွင့်အရေးပေးတာနဲ့ အစ္စလာမ်သာသနာကို ပုတ်ခတ်စော်ကားပြီး တိုင်းပြည်အတွင်း အကြမ်းဖက်မှုတွေဆက်လက်ဖြစ်စေဖို့ ဦးတည်ရေးသားပါတယ်။
တရုပ်ပြည်မှ ဗလီတစ်ခု၏ပုံ
လူတွေထဲမှာ ရင့်ကျက်တဲ့သူတွေရှိသလို မရင့်ကျက်သေးတဲ့သူတွေ စိတ်ဆတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါဟာ ဘာသာတရားနဲ့ မဆိုင်ပါဘူး။ လူ့သဘာဝပဲဖြစ်ပါတယ်။ ကမ္ဘာမှာ အစ္စလာမ်သာသနာဝင်တွေထဲက အကြမ်းနည်းနဲ့တုံ့ပြန်တဲ့ပုံစံတွေရံဖန်ရံခါတွေ့ရတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ မတရားပုတ်ခတ်စော်ကားမှုတွေကိုတုန့်ပြန်တဲ့အခါ အစ္စလာမ်သာသနာက တရားဥပဒေနဲ့ဘောင်ထဲကပဲငြိမ်းချမ်းစွာ တုန့်ပြန်ကြဖိုသွန်သင်ညွှန်ကြားထားပြီးသားပါ။ဒါပေမယ့် ဘာသာ သာသနာထဲကလူတွေအားလုံးဟာ အရိယာတွေချည်းပဲမဟုတ်ပါဘူး။ ဘာသာရေးခေါင်းဆောင်းဖြစ်တဲ့ မြတ်ဗုဒ္ဓကို ဗုဒ္ဓဘာသာဝင်တွေဘယ်လိုအလေးထားပါသလဲ၊ ဒါ့အပြင် ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို ဦးထက်တင်ထားကြတဲ့သူတွေနဲ့ မိမိတို့အမြတ်တနိုးထားတဲ့ အရာကို ထိခိုက်စော်ကားမယ်ဆိုရင် မည်သူမှခံနိုင်ကြမည်မထင်ပါ။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့လည်း တမန်တော်မိုဟမ္မဒ် (sa) ကို ကျွန်တော်တို့ မိဘ၊ အဖေအမေတွေလို အမြတ်တနိုးထားပါတယ်။ နာမ် (သို့) ဝိညာဉ်ရေးရာ တရားအလင်းပေးတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ အဲ့ဒီထက်ကိုပိုပါတယ်။ ဒါကိုသိသိကြီးနဲ့တမင်အဓိကရုဏ်းအကြမ်းဖက်မှုတွေ ပေါ်ထွန်းလိုတဲ့သူတွေဟာ တမန်တော်မိုဟမ္မဒ်ရဲ့ရုပ်ပုံလွှာကို အကြမ်းဖက်ရုပ်ပြောင်အဖြစ်ဖန်တီးတာမျိုး၊ တမန်တော်ကိုပုတ်ခတ်စော်ကားတဲ့ ရုပ်ရှင်ဗီဒီယိုတွေရိုက်ကူးပြီး အချို့မွတ်စလင်တွေကို စိတ်ဆိုးဒေါသထွက်အောင် ဖန်တီးယူကြပါတယ်။ ပြီးတဲ့အခါမှ မိမိတို့ဘာသာရေးခေါင်းဆောင်ကို ချစ်မြတ်နိုးပေမယ့် ဒေါသအလျှောက်တုံ့ပြန်မိကြတဲ့ မွတ်စလင်တွေကို တကယ့်မွတ်စလင်စစ်ကြီးတွေရဲ့ အပြုအမူဖြစ်သရောင် သတင်းလွှင့်ကြပါတယ်။ သက္ကမိုးညိုဆိုသူ ဆရာဝန်ဟာလည်း အလားတူ ကျွန်တော် မေတ္တာကမ္ဘာ - ၁ ကိုရေးသားပြီးတဲ့အခါ သူ့ရဲ့ Facebook အကောင့်မှာ တမန်တော်မိုဟမ္မဒ်ကို အကြမ်းဖက်ပုဂ္ဂိုလ်အဖြစ်ပုံဖော်တဲ့ရုပ်ပုံကို တင်ပြီး မွတ်စလင်တွေရဲ့ စိတ်ကိုထိခိုက်အောင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ပါတယ်။
(http://tinyurl.com/lpc9r7r)
အလားတူပဲ ဗလီတွေ သာသနိကအဆောက်အဦးတွေဟာ အုတ်တွေ သဲတွေနဲ့ ဆောက်လုပ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ယုံကြည်ချက်နဲ့ နှလုံးသားနဲ့ ဆောက်လုပ်ထားတဲ့အရာတွဖြေစ်ပါတယ်။ ဒါတွေကို ဖြိုဖျက် လူတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေဟာ လူယဉ်ကျေးတွေရဲ့ အပြုအမူမဟုတ်ပါဘူး။ 



ကမ္ဘာကျော်ကော်ဒိုဗာ ဗလီနှင့် တက္ကသိုလ်

အမုန်းမဲ့ကမ္ဘာဆောင်းပါးမှာ ဆရာဝန် သက္ကမိုးညိုဟာ မွတ်စလင်နှင့်အစ္စလာမ်ဘာသာဝင်တွေမကောင်းကြောင်းရေးနေပေမယ့် ဘားလမ်းက မွတ်စလင်ကုသိုလ်ဖြစ်ဆးရုံမှာ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဆရာဝန်တွေဟာ ဘာသာလူမျိုးမခွဲခြားဘဲ ရာနဲ့ချီတဲ့လူနာတွေကို ဆေးကုသပေးနေပါတယ်။ မွတ်စလင်တွေဟာ မြန်မာ့လူထုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နကြေသလို ကမ္ဘာသမိုင်းကို သေချာစွာလေ့လာကြည့်မယ်ဆိုရင်လည်း မွတ်စလင်တွေဟာ ကမ္ဘာ့လူသားထုကို အများဆုံးအကျိုးပြုခဲ့တဲ့သူတွဖြေစ်ပါတယ်။ 

" အစ္စလာမ့်ကိုရ်အာန်ကျမ်းစာ ရာက်ပြီးနောက် မွတ်စလင်တို့သည် ဂရိ၊ ရောမ၊ အိန္ဒိယ၊ တရုတ်တို့၏ စာပေယဉ်ကျေးမှုများကိုစုဆောင်းထိန်းသိမ်းခဲ့ကြသည်။ ပညာရပ်အသစ်များကို သုတေသနပြုပြီး တီထွင်ခဲ့ကြသည်။ ခေတ်အဆက်ဆက်တွင်အနောက်တိုင်းသားများစွာတို့သည် အတိတ်ခေတ် မွတ်စလင်တို့၏ ကမ္ဘာကို အကျိုးပြုပုံအားဖုံးအုပ်ရန်ကြိုးစားကြ၏။
အေဒီ ၅ ရာစုတွင် ရောမအင်ပါယာ ကစင့်ကလျားပြိုကွဲသွားပြီးနောက် ဥရောပတွင် အမှောင်ကျနေခိုက် ခေါမလူ့အစည်းအရုံးအပါအဝင် လူ့သားများ တစ်ဆက်ပြီးတစ်ဆက်နှင့် တစ်ခုပြီးတစ်ခု ထမ်းပိုးထူထောင်ခြင်းပြုခဲ့ကြသော စာပေ အနုပညာနှင့် သဘာဝသိပ္ပံပညာရပ်များဆိုင်ရာ အရပ်ရပ်ယဉ်ကျေးမှုများကို ကောင်းစွာဆက်ခံထိန်းသိမ်းခြင်းပြုခဲ့ကြရုံမျှမက အံ့သြလေးစားဖွယ်ရာ တိုးချဲ့ခဲ့ကြသူများမှာ အထက်တွင် ဖော်ပြခဲ့သော အာရပ်လူ့အစည်းအရုံးဖြစ်၏။
သို့ရာတွင် ဥရောပသမိုင်းဆရာ အများအပြားပင် ယင်းအချက်ကို ဖုံးကွယ်ထားလေ့ရှိကြ၏။ ကိုလိုနီဝါဒနှင့် လူမျိုးရေးဝါဒများ လွှမ်းမိုးခြင်းခံရသူများ ဖြစ်သည့်အလျောက် လူ့သမိုင်း၏ အဓိကရမှတ်တိုင်ကြီးများကို မကြည့်နိုင်မမြင်နိုင်ကြခြင်းဖြစ်တန်ရာ၏။ " [စာရေးဆရာ ဗန်းမော်တင်အောင်၏ သဘာဝသိပ္ပံစာအုပ် (၁၉၇၄)။ စာ ၁၈၅-၁၈၆။ အခနး် (၈) ဥရောပ
အမှောင်ခေတ်နှင့် အာရပ်ယဉ်ကျေးမှု]


ယခုနှစ်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအရ ကျွန်တော်တို့မြန်မာ့လူအဖွဲ့အစည်းထဲမှာ မနာမကျန်းဖြစ်နေတဲ့လူတွေလို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာ ကြမ်းတမ်းမုန်းတီးမှုတွေ ဝင်နေ၊ ရန်လိုနေတဲ့သူတွေရှိနေတယ်ဆိုတာသိရပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခုအချိန်မှာ သူတို့ကို ကုစားနိုင်မှ ကျွန်တော်တို့တိုင်းပြည်တိုးတက်တဲ့ဘက်ကို ဆက်သွားနိုင်မှာဖြစ်ပါတယ်။ လူတစ်ယောက်မှာ ရောဂါဖြစ်တဲ့အခါ အကြောင်းအရင်းအခြေအနေမှန်ကို သိရအောင် အရင်စုံစမ်းမှု(Diagnose) လုပ်ရပါတယ်။ စိတ်မှန်းနဲ့ ရမ်းကုလုပ်လို့မရပါ။ အခြေအနေမှန်သိရတဲ့အခါ ပြုပြင်ပြောင်းလဲစေမယ့် ဆေးကိုထိုးပေးရမှာဖြစ်ပြီး အခြေအနေကိုဆိုးရွားစေမယ့်ဆေးကိုရှောင်ရှားရမှာဖြစ်ပါတယ်။ဉာဏ်မရှိသူများရဲ့ ဘာသာရေး၊ လူမျိုးရေးမှိုးင်းများတွင် ပညာတတ်များအမိမခံစေလိုပါ။ အမုန်းမဲ့ကမ္ဘာရေးသားချက်တွေဟာ မုန်းတီးမှုတွေနဲ့ အစ္စလာမ်ဘာသာကို တစ်ဖက်သတ်စော်ကားမှုတွပြေည့်နေလို့ ထပ်မံရှင်းလင်းရပါဦးမည်။

၁။ တမန်တော်မိုဟမ္မဒ်အား ဒေါက်တာသန်းထွန်းဘာသာပြန်သည့် ကျော်စွာ ၁ဝဝ စာအုပ်ကို အခြေခံ၍ ကိုရန်တစ်ဖက်ဓားတစ်ဖက်နှင့် သာသနာပြုသည်၊ အဓမ္မသာသနာပြုသည် စသဖြင့် သက္ကမိုးညိုက ရေးသားထားပါသည်။ ကျော်စွာ ၁ဝဝ စာအုပ်ဟာ ကမ္ဘာကကော မြန်မာကပါ သိသည့်စာအုပ်ဖြစ်ပါသည်။ မူရင်းစာရေးသူ၏ ရေးသားချက်တွင် ထိုသဘောများမပါကြောင်း အဂတိမလိုက်ဘဲ ယဉ်ကျေးစွာရေးသားထားကြောင်း ဖတ်ဖူးသူတိုင်းသိပါလိမ့်မည်။ ကျော်စွာ ၁ဝဝ တွင် ဒေါက်တာသန်းထွန်းက ဤသို့ပြန်ဆိုထားသည်။
"တစ်ရာစုနှစ်မျှလောက် လှူပ်ရှားတိုက်ခိုက်ရုံနဲ့ ဗဒူအင် (Bedouin) လူမျိုးတွေဟာ တမန်တော် (Prophet) ရဲ့ အားပေးစကားမျှနဲ့ အိန္ဒိယနယ်စပ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထိ ကျယ်ပြန့်တဲ့ နယ်မြေကို ရယူနိုင်တာဟာ အံ့သြရမှာဖြစ်တယ်။ အခုအထိ ကမ္ဘာမှာ ဒါလောက်ကျယ်ပြန့်တဲ့ အင်ပါယာမျိုး မမြင်သေးဘူးပါ။ အဒဲါအပြင် သူတို့သိမ်းယူတဲ့ နေရာတိုင်းမှာ သူတို့အယူကို လူတွေအများကြီးက ပြောင်းယူလာကြတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ "။ တကယ်လို့အတင်းအဓမ္မသာသနာပြုထားတာဆိုရင် အင်ပါယာမရှိတဲ့အခါမှာ အားလုံးဘာသာပြန်ပြောင်းကုန်မှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်ကြီးမှာ အစ္စလာမ်ဘာသာဝင်တွေ သန်းနဲ့ချီပြီးရှိပါတယ်။ အဲ့ဒီကို အစ္စလာမ်ဘာသာဝင်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဘယ်လိုမှတ်တမ်းမျိုးမှမရှိပါ။ ဖြောင့်မှန်တဲ့ အစ္စလာမ်ဘာသာဝင် အာရဗ်ကုန်သည်ကြီးများကို နမူနာယူလို့ အစ္စလာမ်ဘာသာဝင်ထဲပြောင်းလာခဲ့ကြတာပဲဖြစ်ပါတယ်။ ထို့ကြောင့် သက္ကမိုးညို၏ စွပ်စွဲချက်မှာ အခြေအမြစ်မရှိပါ။

 ၂။ သက္ကမိုးညိုသည် သူ၏အမုန်းကမ္ဘာဆောင်းပါးများတွင် အဓိက အစ္စလာမ်ဘာသာကို တိုက်ခိုက်လိုခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ၊ဘင်္ဂါလီ ကိစ္စများမှာ အစ္စလာမ်ဘာသာနှင့် မသက်ဆိုင်ပါ။ အချို့သူများမှာ ထိုဒေသအတွင်း အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့သူများဖြစ်ပြီး အချို့သူမျိုးမှာ မြန်မာလူမျိုးလူဝင်မှုကြီးကြပ်ရေး၏ ခြစားမှုကြောင့်ပင် သူတို့ကိုယ်တိုင် အခြားနိုင်ငံသားများကို ခေါ်သွင်းလာခဲ့ခြင်းဖြစ်နိုင်ပါသည်။သို့သော် အစိုးရလူဝင်မှုကြီးကြပ်ရေးကမှု တရားမဝင်နေထိုင်သူများမရှိဟုဆိုကြပါသည်။ ဤကား ဘာသာရေးမဟုတ်ပါ နယ်စပ်ဒေသများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် နိုင်ငံရေးအဖြစ်အပျက်များသာဖြစ်ပါသည်။ တရားဝင်သည်ကော တရားမဝင်သည့်မြန်မာနိုင်ငံသားများလည်း အလုံးအရင်းနှင့် နယ်နိမိတ် ထိစပ်သည့် နိုင်ငံများတွင်အခြေအနေအမျိုးမျိုးကြောင့်နေထိုင်အလုပ်လုပ်ကိုင်လျှက်ရှိသကဲ့သို့ပင်ဖြစ်ပါသည်။

၃။ပါကစ္စတန်၊ ဂါဇာကမ်းမြှောင်၊ ထိုင်းအရေးတို့မှာ နိုင်ငံရေးသာဖြစ်ပါသည်။ ဘာသာရေးနှင့်မဆိုင်ပါ။ မြန်မာပြည်သည်လည်း လွတ်လပ်ရေးယူရာတွင် တိုင်းရင်းသားများနှင့် တွဲယူမည်လား သို့မဟုတ် ခွဲယူမည်လား ထို့ပြင် အိန္ဒိယနှင့်လည်း တွဲ၍ခွဲရေးစသဖြင့်ပေါ်ပေါက်ခဲ့ပါသည်။အလားတူ တိုင်းပြည်တွင်းမှ တိုင်းရင်းသားများသည်လည်း မိမိတို့ဘာသာ၊ယဉ်ကျေးမှုဓလေ့ထုံးစံများကို လွတ်လပ်စွာကျင့်သုံးခွင့်ရလျှင် ခွဲထွက်ကြဖို့စဉ်းစားကြမည်မဟုတ်ပါ။ မည်သို့ပင်ဆိုစေ နိုင်ငံရေးသည် ဘာသာရေးနှင့် မသက်ဆိုင်ပါ။

၄။ အစ္စလာမ် နိုင်ငံသား အထူးတလည်သီးသန့်အစ္စလာမစ် ယဉ်ကျေးမှုဟူ၍ ကမ္ဘာပေါ်တွင်မရှိပါ။ အစ္စလာမ်သာသနာကိုစတင်တည်ထောင်သူမှာ အာရဗ်လူမျိုး တမန်တော် မိုဟမ္မဒ် ဖြစ်ပါသည်။ အာရဗ်တို့၏ ဝတ်စားပုံ၊ ဓလေ့များနှင့် ကမ္ဘာပေါ်ရှိအခြား မွတ်စလင်နိုင်ငံများမှ ဝတ်စားပုံ ယဉ်ကျေးမှုဓလေ့များမတူညီကြပါ။ ဝတ်ပြုရာဗလီပုံစံများပင် ကွဲပြားကြပါသည်။ 
အလွယ်တကူဥပမာပြရလျှင် အစ္စလာမ်သာသနာဝင်များဝတ်ပြုရာဦးခေါင်းကို ဖုံးအုပ်ထားလေ့ရှိပါသည်။ အာရဗ်လူမျိုးများမှာ သူတို့၏ ဝတ်စားဓလေ့အရ ပိတ်စနှင့် ကြိုးကွင်းဖြင့်သိုင်းလျှက် ခေါင်းကို ဖုံးအုပ်သည်။ အိန္ဒိယလူမျိုးများတွင် ဦးထုပ်ပုံစံ၊ တစ်ချို့က ဖောင်းထုပ်ပုံစံ စသဖြင့် မိမိတို့ ယဉ်ကျေးမှုပုံစံအလိုက် ပြုပြင်၍ ကျင့်သုံးကြသည်။ မြန်မာပြည်တွင်လည်း အချိုမြန်မာ့ခေါင်းပေါင်းများပေါင်း၍ ဝတ်ပြုကြသည်။ လိုရင်းက ဦးခေါင်းကိုအုပ်ထားရန်ဖြစ်ပြီး မိမိတို့ရှိရင်းစွဲယဉ်ကျေးမှုအလိုက်ကျင့်သုံးကြသည်။ အခြားယဉ်ကျေးမှုများလည်း အလားတူပင်ဖြစ်ပါသည်။

အစ္စလာမ်တွင် မိမိနေထိုင်သောတိုင်းပြည်ကို ချစ်မြတ်နိုးရခြင်းမှာ အစ္စလာမ့်ယုံကြည်ချက်၏ တစ်စိတ်တပိုင်းဖြစ်ကြောင်း တမန်တော်မိုဟမ္မဒ်က မိန့်ကြားထားပါသည်။ ‘Love for one's country is part of faith’ (Sakhavi)။ ထို့ကြောင့် အစ္စလာမ်နိုင်ငံသား ဟူ၍ အသုံးအနှုန်းမရှိပါ။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်၊ တရုတ်နိုင်ငံသားအစ္စလာမ်ဘာသာဝင်၊ အင်္ဂလန်နိုင်ငံသား အစ္စလာမ်ဘာသာဝင် စသဖြင့်သာရှိပါသည်။ သူတို့သည် သက်ဆိုင်ရာ နိုင်ငံများတွင် မိမိတို့တိုင်းပြည်ကောင်းကျိုးအတွက်ဆောင်ရွက်ကြသည်ချည်းသာဖြစ်ပါသည်။ မကောင်းသူအချို့ကြောင့် အစ္စလာမ်ဘာသာက မကောင်းဟုပြောခြင်းသည် ဘောင်မဝင်ပါ။ 

၅။ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်များသည် အလယ်အလတ်လမ်းစဉ်(မဇ္ဈိမပဋိပဒါ) ကိုကျင့်သုံးသကဲ့သို့ အစ္စလာမ်ဘာသာဝင်များသည်လည်း အလယ်အလတ်လမ်းစဉ်ကိုသာကျင့်သုံးပါသည်။ ထိုအတွက်ကြောင့် အကြမ်းဖက်မှုများသည်သာ အစွန်းရောက်မှုဖြစ်ပြီး ယင်းကို ဗုဒ္ဓဘာသာများနည်းတူ အစ္စလာမ်ဘာသာဝင်များလည်းလက်မခံပါ။ သက္ကမိုးညိုအနဖြေင့် ဘာသာရေးထက် ကွန်မြူစနစ်ကို ပိုသဘောကျပုံရပါသည်။ ဘာသာရေးကိုမှားမှန်းသိလျှင်ပြင်မရဟု သက္ကမိုးညိုက ဘာသာအားလုံးကို စွပ်စွဲထားပါသည်။ သို့သော် စစ်မှန်သည့် ဗုဒ္ဓဘာသာသည် ဝေဖန်ဆန်းစစ်၍ ကျင့်သုံးရခြင်းဖြစ်သကဲ့သို့ အစ္စလာမ်သာသနာသည်လည်း ဉာဏ်ပညာပေါ်အခြေခံ၍ ဝေဖန်ဆန်းစစ်ကာ ကျင့်သုံးရသော သာသနာဖြစ်ပါသည်။ ဟာလလ်၊ ဟရာမ် ဆိုသည်မှာ တရားဝင်သည် သို့ တရားမဝင် ဆိုသည်ကို အသိဉာဏ်ဖြင့် ဝေဖန်ဆန်းစစ်ခြင်းကို ခေါ်ပါသည်။ ကိုရ်အာန်ကျမ်းစာကို လေ့လာလျှင် မုက္ခပတ်တော်၏ အဆုံးများတွင် "အသင်တို့ တွေးတောဆင်ခြင်မှုမပြုလုပ်ကြသလော" ဟုဆုံးသည့် မုက္ခပတ်တော်အမြောက်အများတွေ့ရပေလိမ့်မည်။ အစစ်အမှန် အစ္စလာမ်မှာ ဤသို့ဖြစ်ပါသည်။ ထိုအတိုင်းမကျင့်သုံးသူများ ဗုဒ္ဓဘာသာတွင် ရှိသကဲ့သို့ အစ္စလာမ်ဘာသာ အမည်ခံသူများတွင် ရှိတတ်မည်မှာတော့ မလွဲမသွဖြေစ်ပါသည်။

၆။ ကိုယ့်အထဲမှ အချို့ အများစုသည် နိုင်ငံကို အစစ်အမှန်ကာကွယ်ရေးထက် “အစ္စလာမ် အကြောက်ရောဂါ” Islamophobia ဖြစ်နကြေသည်က ပိုမည်ထင်သည် ဟုသက္ကမိုးညိုက ရေးသားထားပါသည်။ အမှန်မှာ ထိုအတိုင်းပင်ဖြစ်ပါသည်။ ယင်းကြောင့် အစ္စလာမ်ဘာသာကိုစော်ကား၍အမုန်းလောင်စာထပ်မထည့်ပေးစေလိုပါ။ အင်ဒိုနီးရှား၊ မလေးရှားစသောနိုင်ငံများသည် မူလဗုဒ္ဓဘာသာကိုးကွယ်ရာမှာ အစ္စလာမ်ဘာသာသို့ပြောင်းလဲလာခဲ့ခြင်းဖြစ်ပါသည်။ သူတို့မှာ မြန်မာများနှင့်နီးစပ်သည့်ရုပ်သွင်ရှိကြပါသည်။ သူတို့ကို မွတ်စလင်ဖြစ်ခြင်းကြောင့် သက္ကမိုးညိုက သီးသန့်ဆန်လွန်းသည်၊ လိင်ပိုင်းဆိုင်ရာ ကဲသည်စသည်ဖြင့်စွပ်စွဲနိုင်ပါမည်လား။ ဆရာဝန်တစ်ယောက်ဖြစ်လျှက်နှင့်ပင် ဘာသာနှင့်လူတစ်ဦးချင်းအပြုအမူဓလေ့စရိုက်တို့ကို မခွဲခြားနိုင်ခြင်းသာဖြစ်ပါသည်။ ဆရာဝန်တစ်ယောက်အနေနှင့် ထိုသို့ရေးသားသည်မှာ ရှက်စရာကောင်းလှပါသည်။ အစ္စလာမ်သာသနာဟာ လူ့သဘာဝကို နားလည်ပေးတဲ့ဘာသာဖြစ်ပြီး အိမ်ယာထူထောင်ခြင်းကို စက်ဆုပ်ရွံရှာဖွယ်ရာအဖြစ် မဖော်ပြထားပါဘူး။ သက္ကမိုးညိုအနေနဲ့ အရာရာကို ကိုယ်သိတဲ့ စံတစ်ခုတည်းဖြင့် တိုင်း၍မရကြောင်းသိစေချင်ပါသည်။

၇။ နံပါတ် ၇ အချက်နှင့် ပတ်သတ်၍ သဘောညီပါသည်။ ပွဲလန့်အောင်လုပ်သူ ဖျာခင်းသူများတွင် သက္ကမိုးညိုကိုယ်တိုင်ပါနေသည်ကို သတိပြုစေချင်ပါသည်။ မိမိလူသိများမှုကို တလွဲမသုံးစေချင်ပါ။

၈။ ကျွန်တော်တို့ မြန်မာများနှင့် လိုက်လျောညီထွဖြေစ်သော မူဆလင် မိတ်ဆွေများစွာတွေ့ဘူးပါသည်။ ယခုစာရေးသောအခါ ထိုသူတို့အားလည်း အားနာရပါသည်။ (သက္ကမိုးညို)
ဤအချက်အတွက် ကျေးဇူးတင်ပါတယ်။ ထိုလိုက်လျောညီထွဖြေစ်သူများမှာ အစစ်အမှန်များဖြစ်ပါသည်။ သက္ကမိုးညိုမှာ အစစ်အမှန်များကိုးကွယ်သည့် အစစ်အမှန်ဘာသာကို စွပ်စွဲ အပုတ်ချခြင်းမပြုသင့်ပါ။ စစ်မှန်သည့် သာသနာနှင့် မှားယွင်းစွာ ကျင့်သုံးနေသည့်နောက်လိုက်များကို ဝေဖန်ခြင်းပြုလျှင် ကျွန်တော့်အနေနဲ့ ပြန်လည်ရှင်းချက်ထုတ်စရာမရှိပါ။ ယခုမူ ပါးနပ်စွာဖြင့် မကောင်းသော အပြုအမူများကို အစစ်အမှန် အစ္စလာမ်ဘာသာ၏ လုပ်ရပ်များသဖွယ် ဘာသာရေးထဲဆွဲသွင်းသော အရေးအသားများကြောင့်သာရှင်းလင်းရခြင်းဖြစ်ကြောင်း သိနားလည်စေလိုပါသည်။ ယခုအကြောင်းအရင်းမှန်ကို ကမ္ဘာကပါ သိရှိလာသည့်အတွက် ချစ်ကြည်ရင်းနှီးမည့်အရာများသာရေးစေလိုပါသည်။

အောင်သန်းလွင် B.C.Sc (Hons)

မေတ္တာကမ္ဘာ - ၁
http://www.m-mediagroup.com/news/15013

သက္ကမိုးညို၏ အမုန်းမဲ့ ကမ္ဘာ ၂ 
http://tinyurl.com/kcj7ary

သက္ကမိုးညို၏ တမန်တော်မိုဟမ္မဒ်အားရုပ်ပြောင်ဖြင့် ရေးဆွဲခြင်းကို ဖြန့်ဝေထားပုံ
http://tinyurl.com/lpc9r7r

ဒေါက်တာမောင်မောင်ဦးကဗျာ
http://tinyurl.com/mv49yo5




Sunday, May 12, 2013

အပြန်အလှန်နားလည်မှုမှ ငြိမ်းချမ်းခြင်းဆီသို့


          ယနေ့အချိန်အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို ခြေလှမ်း လှမ်းနေတဲ့ နိုင်ငံတစ်ခုဖြစ်နေပါပြီ။ ဒီမိုကရေစီ ငြိမ်းချမ်းရေးလမ်းစဉ်ဘက် သွားတယ်ဆိုရင်ပဲ ဒါနဲ့အတူရရှိလာတဲ့ လွတ်လပ်မှုလေးတွေ အသင့်အတင့်ရှိလာခဲ့ပါပြီ။ နိုင်ငံတော်သမ္မတနဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုးစားမှုတွေရဲ့ ရလာဒ်အဖြစ် အထိုက်အလျှောက် ရရှိလာခဲ့တဲ့ လွတ်လပ်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး တိုင်းပြည်တိုးတက်စည်ပင်အောင် လုပ်ဆောင်နေကြတဲ့ လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတွေလည်း အမြောက်အမြားပေါ်ထွက်လာသလို ခေတ်ဟောင်းမှာ အသားကျပြီး ပြောင်းလဲလာတဲ့ ခေတ်သစ်ကို မလိုက်လိုသူတွေ၊ တိုးတက်အေးချမ်းတဲ့ခေတ်သစ်ကို မလိုလားသူတွေ တိုင်းသူပြည်သားအားလုံး ဘာသာလူမျိုးမရွေး ကောင်းစားစေမယ့် အခြေအနေကို မရှုစိမ့်သူတွေဟာလည်း တစ်ဦးချင်းသော်လည်းကောင်း အဖွဲ့အစည်း အုပ်စုများဖြင့်သော်လည်းကောင်း အဖျက်အမှောင့်များ ဖန်တီးဖို့ရာ ပေါ်ထွက်လာနေပါတယ်။ တိုင်းပြည်ကောင်းကျိုးအတွက် ရရာအခန်းကဏ္ဍကနေ အကျိုးလိုလားသူတွေက ဆောင်ရွက်နေတဲ့အချိန်မှာ အဖျက်အမှောင့်သမားတွေကတော့ တိုင်းရင်းသားအချင်းချင်း သွေးကွဲစေဖို့၊ ပါတီအဖွဲ့အစည်းတွေကြား ရန်ထောင်စေဖို့၊ မြန်မာနိုင်ငံရဲ့ လေးစားဂုဏ်ယူဖွယ် ဝိသေသထူးအဖြစ် နှစ်ပေါင်းများစွာ ယှဉ်တွဲနေထိုင်လာတဲ့ ဗုဒ္ဓဘာသာအပြင် အခြားဘာသာများဖြစ်တဲ့ အစ္စလာမ်၊ ခရိယာန်၊ ဟိန္ဒူ စသဖြင့်တို့ကြားမှာ မနာလိုမုန်းတီးမှုတွေ ဖန်တီးဖို့ နည်းလမ်းတွေရှာဖွေလုပ်ကိုင်နေပါတော့တယ်။ 

တိုးတက်ဖွံ့ဖြိုးလာတဲ့ ခေတ်မီ နည်းပညာတွေကြောင့် အင်တာနက်ပေါ်မှာ အခြေခံတဲ့ လူမှုကွန်ရက် (Social Network) လို့ခေါ်တဲ့ Facebook, Twitter, Blog စသဖြင့်တို့ဟာ သုံးတတ်ရင် ဆေးသဖွယ်ဖြစ်ပြီး ပြည်သူလူထုကြားမှာ သတင်းအချက်အလက်တွေဖြန့်ဖြူးဖို့ရာနဲ့ လူထုကိုနိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စသည်တို့မှာ အမြင်ပွင့်လင်းဖို့ရာ အသုံးကျမှုတွေရှိလာပါတယ်။ သို့သော်လည်း နည်းပညာရဲ့သဘောဟာ အကျိုးရှိတဲ့ဘက်မှာ အသုံးချ၍ရနိုင်သလို အကျိုးမရှိတဲ့ ဖျက်စီးတဲ့လုပ်ငန်းတွေမှာလည်း အသိဉာဏ်နည်းမိုက်မဲသူတစ်ချို့ကြောင့် မှားယွင်းစွာ အသုံးချခံရတာတွေရှိပါတယ်။ ရလာဒ်အားဖြင့် အဲ့ဒါတွေဟာ အသုံးမှားတဲ့အခါ အဖျက်စွမ်းအားကြီးကြီးနဲ့ လူသားတွေကို ထိခိုက်စေတာပဲဖြစ်ပါတယ်။ ယနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ဒီလူမှုကွန်ရက်ကို အကျိုးရှိရှိ အသုံးချပြီး ပြည်သူတွေကို မေတ္တာတရားတွေဝေငှပေးနေတဲ့ ဘာသာလူမျိုးမရွေးကူညီပေးနေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ ဦးစီးဆောင်ရွက်ကြတဲ့ နာရေးနဲ့ အခြားကျန်းမာရေးကူညီမှု အသင်းလိုမျိုး၊ အခြားအစိုးရမဟုတ်တဲ့ လူမှုရေးအသင်းအဖွဲ့တွေလိုမျိုးနဲ့ ပြည်သူလူထု အသိဉာဏ်တိုးပွားစေမယ့် စာပေ၊ နည်းပညာ၊ ဆေးပညာဆိုင်ရာ အချက်အလက်တွေ ဝေမျှကြတဲ့ အဖွဲ့အစည်းတွေ၊ တစ်ဦးတစ်ယောက်ချင်းစီအတွက် အင်မတန်မှပဲ ဂုဏ်ယူစရာကောင်းလှပါတယ်။

ဒီအထဲမှာ စိတ်မကောင်းစရာ ကံမကောင်းအကြောင်းမလှစရာကတော့ ကမ္ဘာမှာ ယဉ်ကျေးလိမ္မာလှပါတယ်ဆိုတဲ့ မြန်မာ့အစဉ်အဆက်ဂုဏ်ရည်ကိုဖျက်စီးကြတဲ့ ဘာသာရေးပုတ်ခတ်မှု ဘလော့ (blog) တွေ၊ လူမှုကွန်ရက်စာမျက်နှာ (Facebook Page) တွေနဲ့ တစ်ဦးတစ်ယောက်ချင်း တာဝန်ရှိရှိ မရေးသားမှုတွေပဲဖြစ်ပါတယ်။ မြန်မာဘာသာာနဲ့ ညစ်ညမ်းစွာဆဲရေးထားတဲ့စာမျက်နှာအပါအဝင် ဘာသာရေး၊ လူမျိုးရေး ရန်ထောင်ပေးမှုတွေ၊ ဘာသာဝင်တစ်ခုနဲ့တစ်ခုအကြား နားလည်မှုလွဲမှားအောင် လုပ်ဆောင်နေကြတဲ့ မှန်ကန်တဲ့အမည်နာမ မဖော်ပြထားတဲ့ စာမျက်နှာ (Page) တွေ (ဥပမာ လူထု မောင်ကာဠု (https://www.facebook.com/pages/%E1%80%9C%E1%80%B0%E1%80%91%E1%80%AF-%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%80%80%E1%80%AC%E1%80%A0%E1%80%B3/446125985458139?ref=stream)၊ အမည်ဝှက်သုံးထားတဲ့ စာမျက်နှာတွေ၊ အမည်မှန်သုံးပြီး အဆင့်အတန်းနိမ့်ကျစွာ ဝေဖန်ပုတ်ခတ်ရေးသားမှုတွေရှိနေပါတယ်။ အဆိုးရွားဆုံးကတော့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အစဉ်အဆက် ယှဉ်တွဲနေထိုင်လာတဲ့ လူနည်းစုအစ္စလာမ်ဘာသာဝင်တွေနဲ့ ယဉ်ကျေးပျူငှာတဲ့ ဗုဒ္ဓဘာသာဝင်တွေကြားမှာ လောင်စာထည့် မှိုင်းတိုက်ပြီး မီးလောင်အောင်အားထုတ်ပေးနေသူတွေပါပဲ (ဝီရသူ Facebook Page)။ Cyber Law လို့ခေါ်တဲ့ အင်တာနက် နည်းပညာဥပဒေတွေလည်း ပီပီပြင်ပြင် မရှိသေးနိုင်တဲ့ အချိန်ကာလမို့ ဒီလူတွေဟာ အခြားဘာသာ သာသနာတွေကို ပုတ်ခတ်ဖို့ ထင်တိုင်းကြဲခွင့်အပြည့်အဝရနေပါတယ်။

ဒီလိုလုပ်ရပ်တွေထဲမှာ အမည်ဖော်ပြပြီး ပေါ်ပေါ်ထင်ထင်အစ္စလာမ်ဘာသာကို ဆန့်ကျင်လျှက် လူမျိုးဘာသာရေးမငြိမ်းချမ်းမှုတွေကို ပြုလုပ်နေသူတစ်ဦးကတော့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဥ ဖြစ်သူ ဦးနေမျိုးဝေ (https://www.facebook.com/naymyowai/photos) ဆိုသူပဲဖြစ်ပါတယ်။ မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့ မငြိမ်မသက်မှုတွေ အများအပြားထဲက ဘာသာရေး၊ လူမျိုးရေး မငြိမ်မသက်မှုတွေဖြစ်ပေါ်အောင် ရည်ရွယ်ချက်ရှိရှိ ကြံစည်လုပ်ဆောင်နေသူအများအပြားရှိတဲ့အနက်က တစ်ဦးပဲဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ တရားဝင်ရပ်တည်ထူထောင်ထားတဲ့ ပါတီတစ်ခုရဲ့ ပါတီဝင် ဥက္ကဌ တစ်ဦးအနေနဲ့ သူလုပ်ဆောင်သင့်တာက ကွဲပြားတဲ့ ဘာသာရေးတွေအချင်းချင်းကြားမှာ ဘာသာတစ်ခုချင်းစီရဲ့ ဘုံတူညီမှုတွေနဲ့ ချစ်ခင်လေးစားမှုတွေနဲ့ ပြည်သူလူထုကို အကောင်းဘက် မေတ္တာအပြန်အလှန်ထားမယ့်ဘက်ကို စည်းရုံးခေါ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူဟာ အစ္စလာမ့်ဘာသာရေး ကျမ်းစာများကို လိုသလိုဖြတ်ထုတ်ဆွဲယူခြင်းပြု (Out of Context) ထုတ်နှုတ်ယူပြီး အစ္စလာမ်သာသနာဟာ အကြမ်းဖက်သာသနာဖြစ်ကြောင်း၊ ကိုရ်အာန်ကျမ်းစာဟာလည်း အကြမ်းဖက်မှုအားပေးကြောင်း၊ အစ္စလာမ်သာသနာဝင်အားလုံးဟာ အကြမ်းဖက်သူများဖြစ်ကြောင်း စသဖြင့် ရိုးသားမှုမရှိဘဲ လိမ်လည်ဝါဒဖြန့်ဝေကာ အစွန်းရောက်အမြင်တူသူများကို သူ့ဘက်တော်သားများအဖြစ် စည်းရုံးသိမ်းသွင်းနေပါတယ်။

စစ်မှန်သည့် အစ္စလာမ်သာသနာအရ အစ္စလာမ်ဘာသာဟာ လူသားအချင်းချင်းစာနာထောက်ထားမှုနဲ့ လူသားတစ်ဦးတစ်ယောက်ရဲ့ လွတ်လပ်မှုကို အသိအမှတ်ပြုပါတယ်။ လူသားတစ်ဦးတစ်ယောက်ဟာ မိမိရွေးချယ်မှုနဲ့ ဘာသာသာသနာကို ကိုးကွယ်ပိုင်ခွင့်ရှိပါတယ်။ "ဘာသာရေးတွင် အတင်းအကျပ်ပြုမှုမရှိ" ဟု ကိုရ်အာန်ကျမ်းစာ အခန်းကြီး ( ၂ ) အခန်းငယ် ( ၂၅၇ ) မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင်အစ္စလာမ်သာသနာရဲ့ သင်ပြမှုတွေထဲမှာ လူသားတစ်ဦးတစ်ယောက်ဟာ မိမိနှင့် ဘဝတူလူသားအချင်းချင်းကြားမှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ခြင်းမရှိသမျှကာလပတ်လုံး ဘုရားသခင်နဲ့လည်း ငြိမ်းချမ်းစွာအတူနေထိုင်နိုင်မှာ မဟုတ်တဲ့အကြောင်း သွန်သင်ပြချက်ပါရှိပါတယ်။ မြန်မာပြည်တစ်လွှားက အစ္စလာမ်သာသနာဝင်တွေမှာ ငြိမ်းအေးချမ်းမြသူတွေအမြောက်အများရှိကြပါတယ်။ မိထ္ထိလာ၊ ဥက္ကံ စတဲ့အရေးအခင်းတွေမှာ အစ္စလာမ်ဘာသာဝင်တွေကို သတ်ဖြတ်ကြတဲ့ အနည်းငယ်သော ဗုဒ္ဓဘာသာဝင်တွေနဲ့ ရဟန်းအချို့ဟာ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်တွေမဟုတ်သလို့ ကမ္ဘာမှာ ရံဖန်ရံခါတွေ့မြင်ကြရတဲ့ အစ္စလာမ်ဘာသာဝင်အမည်ခံအချို့ရဲ့ ကြမ်းကြုတ်တဲ့လုပ်ရပ်တွေဟာလည်း အစစ်အမှန် အစ္စလာမ်သာသနာရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ ကိုရ်အာန်ကျမ်းစာကလည်း မည့်သည့်အကြမ်းဖက်မှုမျိုးကိုမဆို ရှုံ့ချကြောင်းလည်း သိစေအပ်ပါတယ်။ " အစ္စလာမ်သာသနာဟာ အပြစ်ကင်းမဲ့သူများ ရန်လိုမှုမရှိသူများကို သတ်ဖြတ်ခြင်းမှ တင်းကျပ်စွာတားမြစ်ထားပါတယ်။ ထောင်ထားခြားနား ရန်လိုသူများမှ တပါး အခြားသူများအား ကြမ်းတမ်းစွာ ဆက်ဆံခြင်းမပြုရချေ။ " ဟု ကိုရ်အာန်ကျမ်းစာ အခန်းကြီး ( ၂ ) အခန်းငယ်  (၁၉၄ ) မှာဖော်ပြထားပါတယ်။  ဒါ့အပြင် အကြမ်းဖက်အပြုအမူမျိုးတွေကျူးလွန်တဲ့အတွက်ကြောင့် အပြစ်မဲ့ လူသားတွေသတ်ဖြတ်ခြင်းခံရတဲ့အခါမှာ ကိုရ်အာန်ကျမ်းစာက မိန့်ကြားတာက ...
"မြေပြင်ပေါ်တွင် ခိုးဆိုးလုယက်၍ မတည်ငြိမ်မှုကိုဖန်တီးပြီး မကောင်းမှုကျူးလွန်ကာ သွားလာနေသူမဟုတ်က မည်သူမဆို လူတစ်ဦးအား သတ်ဖြတ်သည်ရှိသော် ထိုသူသည် လူသားထုတစ်ရပ်လုံးအား သတ်ဖြတ်သူမည်၏။"  လို ကိုရ်အာန်ကျမ်းစာ အခန်းကြီး (၅) အခန်းငယ် (၃၃) မှာ ထာဝရဘုရားရှင်က မိန့်ကြားထားပါတယ်။ဆိုလိုသည်မှာ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ လူတစ်ဦးအား သတ်ဖြတ်သော် ထာဝရဘုရားသခင်၏ အမြင်တွင် လူသားထုတစ်ရပ်လုံးအား သတ်ဖြတ်သကဲ့သို့ပင် ဖြစ်ပေသည်။ ဒီမုက္ခပတ်တော်တွေအရ အစ္စလာမ်သာသနာမှာ အကြောင်းအရင်းမရှိဘဲ အခြားသူတစ်ဦးတစ်ယောက်အား သတ်ဖြတ်ခြင်းမှာ မည်မျှအပြစ်ကြီးသည်ကို သိရှိနီုင်ပါသည်။ ထို့ကြောင့် အစ္စလာမ့်သွန်သင်ချက်များမှာ ငြိမ်းချမ်းမှုသာဖြစ်ပြီး အစ္စလာမ်ဆိုသည့် ဝေါဟာရသည်ပင် " ငြိမ်းချမ်းခြင်းနှင့် ငြိမ်ဝပ်ခြင်း" ဟု အဓိပ္ပာယ်ရပေသည်။

ယခုဆောင်းပါးမှာ ကျွန်တော်အနေနဲ့ ထပ်ပြီး ရှင်းလင်းလိုတာတစ်ခုက မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေဆိုသူရဲ့ ကိုရ်အာန်ကျမ်းစာမှ လိုသလို ဖြတ်ထုတ် ဆွဲယူမှုတွေကိုပဲဖြစ်ပါတယ်။  ဦးနေမျိုးဝေအား ထပ်ဆင့်ချီးကျူးထောက်ခံကာ ရေးသားထားသော သီရိလင်္ကာနိုင်ငံတွင် ပညာတော်သင်နေသော ဓမ္မဝီရ အရှင်တေဇနိယရဲ့(http://www.ashintejaniya.com/) ရေးသားချက်တွေကိုလည်းရှင်းလင်းသွားပါမယ်။ ကျွန်တော်ရှင်းလင်းရတဲ့ လိုရင်းအချက်ကတော့ အစ္စလာမ်သာသနာကို ယဉ်ယဉ်ကျေးကျေး အဆင့်တန်းရှိရှိ  ခြေခြေမြစ်မြစ်မဟုတ်ဘဲ လိုသလိုဆွဲထုတ်ဝေဖန်နေတဲ့ ဦးနေမျိုးဝေနဲ့ သူကိုအားပေးထောက်ခံတဲ့ သဘောထားအမြင်ကို သဘောမကျလို့ပဲဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ လူအများကိုးကွယ်နေသော မည်သည့်ဘာသာ၊ သာသနာကိုမှ ဝေဖန်ပုတ်ခတ်မှု ပြုလိုခြင်းမရှိကြောင်းနှင့် အခြားသူများ၏ ဘာသာသာသနာများအပေါ် ဝေဖန်ပုတ်ခတ်မှုများကိုလည်း အလျှဉ်းလက်ခံလိုခြင်းမရှိကြောင်း ကြိုတင် အထူးသတိပေးပါရစေ။ သို့သော် အရှင်တေဇနိယကမူ စိုက်ယဒ် ဟာဂျီဘေလားနူးရ်အား ပြန်လည်ဖြေရှင်းချက်ထုတ်ကာ အစ္စလာမ်သာသနာဝင်များအား မိမိတို့သာသနာကို ပြန်လည်ဆန်းစစ်စေလိုကြောင်းနှင့် ဗုဒ္ဓသာသနာတွင် သင်္ဂါယနာတင်ခြင်းနှင့် ဆက်လျှဉ်း၍ မြတ်ဗုဒ္ဓဟောကြားသည့်အတိုင်းဖြစ်ရအောင် ၆ ကြိမ်သင်္ဂါယနာအားဖြင့် အဆင့်ဆင့်ပယ်ဖျက်၊ ဖြည့်စွက် ပြင်ဆင်ရခြင်းမရှိကြောင်း အကယ်၍ တင်ပြသောအချက်အလက်အားမှားယွင်းကြောင်းတင်ပြပြောဆိုနိုင်ပါက အစ္စလာမ်ဘာသာကောင်းသည် မကောင်းသည်ကို မစဉ်းစားဘဲ အစ္စလာမ်ဘာသာထဲသို့ ဦးဇင်းကိုယ်တိုင် ဝင်ရောက်ပါမည်ဟု ကတိကဝတ်ပေးထားပါသည်။ ထိုအတွက် ရှင်းလင်းစရာ အမြောက်အများရှိသော်လည်း အဓိကကျသည့် အချက်နှစ်ချက်ကို ရှင်းလင်းပါမည်။ သာသနာရေးနှင့် စပ်လျှဉ်းသည်ဖြစ်၍ ရှင်းလင်းရာတွင် ထေရဝါဒသာသနာထဲမှ သီရိလင်္ကာ ဘုန်းတော်ကြီးဖြစ်သူ ဒေါက်တာ ဝါလ်ပိုလာ ရာဟုလာကဲ့သို့သော အထင်ကရဘုန်းတော်ကြီးများ၏ စာပေများနှင့် အခြားထင်ရှားသော ဗုဒ္ဓသာသနာဆိုင်ရာ သမိုင်းပညာရှင်များဖြစ်သည့် လန်ဒန်ပါဠိစာပေအသင်း၏ ပါဠိပါမောက္ခဖြစ်သူ မစ္စ ရိုင်းစ် ဒေးဗစ် (Mrs Rhys David) စသော ပညာရှင်များနှင့် အခြား သုတေသနစာတမ်း၊ ခိုင်မာသော အကိုးအကားများအားဖြင့်သာ ဗမာဘာသာနှင့် အင်္ဂလိပ်ဘာသာစာပေများမှ ကောက်နှုတ်ရေးသားတင်ပြပါမည်။

ပထမအချက်မှာ စိုက်ယဒ်ဟာဂျီဘေလားနူးရ်မေးသော အချက်ဖြစ်ပါသည်။ ပိဋကတ်ကျမ်းတော်များကို သီရိလင်္ကာ (သီဟိုဠ်) တွင် သက္ကတဘာသာအားဖြင့်ရှိသည်ဟု ထင်မြင်ယူဆနေခြင်းဖြစ်ပါသည်။ သီရိလင်္ကာနေ အရှင်တေဇနိယအနေဖြင့် သီရိလင်္ကာတွင် ပိဋကတ်တော်များ သက္ကတဘာသာဖြင့်မရှိဘဲ ပါဠိဘာသာဖြင့်သာရှိကြောင်း ပြန်လည်ရှင်းလင်းချက်ထုတ်ထားပါသည်။ အမှန်တကယ်အားဖြင့် ထိုင်း၊ကမ္ဗောဒီးယား၊လာအို၊မြန်မာ၊သီရိလင်္ကာ စသောထေရဝါဒ နိုင်ငံများတွင် ပိဋကတ်တော်များ ပါဠိဘာသာဖြင့်သာတွေ့ရပြီး၊ မဟာယနဗုဒ္ဓဘာသာကိုးကွယ်သော  ကိုရီးယား၊ တရုတ်၊ ဂျပန်၊ တိဗက်၊  နီပေါ၊ ဘူတန် စသည်တို့တွင်သာ ပိဋကတ်တော်များကို သက္ကတ္တ ဘာသာစကားအားဖြင့်တွေ့ရပါသည်။ အချိုးအစားအရ မဟာယန ဗုဒ္ဓဘာသာဝင်အရေအတွက်က ပိုများသည်။ မဟာယနအလိုအရ မြတ်ဗုဒ္ဓသည် ထာဝရဘုရားရှင်၏ အဝတာရ ကိုယ်ပွားတော်အဖြစ် လောကတွင် တရားဟောကြားခြင်းဖြစ်၍ ထေရဝါဒနှင့် ကွဲပြားကာ ထေရဝါဒ ပိဋကတ်ကို လက်မခံဘဲ မိမိတို့ဘာသာ စင်ပြိုင်သင်္ဂါယနာတင်ထားသော သက္ကတ္တဘာသာနှင့် တရုတ်၊တိဗက်စသော အခြားဘာသာ ပိဋကတ်ကျမ်းများရှိသည်။ ဤနေရာတွင် ထေရဝါဒ ပိဋကတ်တော်များသည် ပါဠိဘာသာဖြင့်မရှိခင်က သက္ကတ္တဘာသာစကားအားဖြင့်မဟုတ်ဘဲ သီဟိုဠ်ဘာသာ (သို့) သီရိလင်္ကာ ဘာသာဖြင့် ဦးစွာပထမ အပြည့်အစုံစာဖြင့် ရေးသားမှတ်တမ်းတင်ခြင်းခံခဲ့ရကြောင်းကို ဖော်ပြလိုပါသည်။ ထိုရေးသားမှတ်တမ်းတင်ခြင်းကို တတိယ သင်္ဂါယနာအပြီး နှစ်ပေါင်းနှစ်ရာအကြာ မြတ်ဗုဒ္ဓပိရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၄၅ဝ အကြာ ဘီစီ ၄၃ ခုနှစ်မှာပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ယင်းအချက်ကို ဗုဒ္ဓဘာသာသာမန်လူထုအတွင်းအသိနည်းလှသော်လည်း ဒေါက်တာ ဝါလ်ပိုလာ ရာဟုလာကဲ့သို့သော အထင်ကရဗုဒ္ဓဘာသာရဟန်းတော်များနှင့် သမိုင်းပညာရှင်များလည်း လက်ခံကြပါသည်။ ယင်းအချက်အပြည့်အစုံကို ဒုတိယအချက်အဖြစ် သင်္ဂါယနာကိစ္စ (သင်္ဂါယနာတင်ပုံ)နှင့် တွဲလျှက်ဆက်လက်ဖော်ပြပါမည်။

ဒုတိယအချက်မှာ သင်္ဂါယနာနှင့်သက်ဆိုင်ပါသည်။ ဦးစွာ သင်္ဂါယနာ၏ မူရင်းအဓိပ္ပာယ်ကို ရှင်းလင်းပြပါမည်။ သင်္ဂါယနာဆိုသည်မှာ အများသဘောတူ အတည်ပြုခြင်းအားဖြင့် စုပေါင်းရွတ်ဆိုခြင်း(ရွတ်ဆိုခြင်းကို သတိပြုစေလို) ကို သင်္ဂါယနာတင်သည်ဟု အဓိပ္ပာယ်ဖွင့်ပါသည်။ ယင်းတွင် ကွဲလွဲလျှက်ရှိသောတရားတော်များကို မြတ်ဗုဒ္ဓဟောကြားခဲ့သည့်အတိုင်းဖြစ်ရအောင် ပြင်ဆင်ခြင်း၊ ပယ်နှုတ်ခြင်း၊ ဖြည့်စွက်ခြင်းများအပြင့် အခြားဘာသာစကားတစ်ခုမှ တစ်ခုသို့ပြန်ဆိုခြင်း အဆင့်ဆင့်ရှိခဲ့ပါသည်။ ဤအကြောင်းအရပ်များကို ထင်ရှားသော ထေရဝါဒ ဗုဒ္ဓဘာသာရဟန်းတော်များနှင့် သမိုင်းပညာရှင်များ၏ စာအုပ်စာတန်းများမှ အကျဉ်းကောက်နှုတ်တင်ပြပါမည်။

ပထမသင်္ဂါယနာ
ပထမ သင်္ဂါယနာတင်ပွဲကို မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ဘီစီ ၅၄၃-၅၄၂ မှာ မာဂဓတိုင်းရဲ့ မြို့တော် ရာဇဂြိုဟ်မှာ ကျင်းပခဲ့တာပါ။ သင်္ဂါယနာတင်ရတဲ့အကြောင်းအရင်းကတော့ သံဃာထဲကို နောက်ကျမှ ဝင်ရောက်လာတဲ့ သုဘဒ္ဒါဆိုသူ ရဟန်းဟာ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုသွားတဲ့အခါ ဝမ်းနည်းငိုကြွေးနေသော ရဟန်းတို့ကိုကြည့်လျှက် မြတ်ဗုဒ္ဓမရှိတော့တဲ့အတွက် မိမိတို့ကိုယ်တိုင်ဆရာဖြစ်၍ ချုပ်ချယ်မည့်သူမရှိတော့သောကြောင့် ဝမ်းနည်းမည့်အစား ပျော်ရွှင်ခြင်းက သာပြီးကောင်းတယ်လို့ဆိုလာပါတယ်။ ဒီအချိန်မှာ တခြားရဟန်းတော်တွေက သုဘဒ္ဒါကဲ့သို့ တပါးသူတွေ လမ်းလွဲရောက်သွားမှာစိုးရိမ်တဲ့အတွက် မြတ်ဗုဒ္ဓရဲ့ မူလသွန်သင်ချက်တွေကို ထိန်းသိမ်းစုစည်းမယ့် ညီလာခံတစ်ခုလုပ်ကြဖို့တောင်းဆိုခဲ့ကြရာက အစပြုပါတယ်။ မြတ်ဗုဒ္ဓက သူကွယ်လွန်ခါနီးမှာ " အချင်းတို့ တစ်ပါးသူကို မကြည့်ကြနှင့် အသင်တို့ရဲ့ လွတ်မြောက်ခြင်းဟာ မည်သူတစ်စုံတစ်ဦးပေါ်မှာမှမတည်။ မိမိအတွင်းကိုသာ ကြည့်ကြလော။ ဓမ္မကို အားကိုးရားပြု၍ နေထိုင်ကြလော" ဟုမိန့်ကြားခံပါသည်။ (မဟာပရိနိဗ္ဗာနသုတ်။)
မာဂဓပြည့်ရှင် အဇာတသတ်ရဲ့ ကမ္မကထပြုမှုနဲ့ မြတ်ဗုဒ္ဓရဲ့ ထိပ်တန်းသာဝကကြီးဖြစ်သူ ရှင်မဟာ ကဿပ တို့ဦးဆောင်ပြီး ရဟန်း(ဘိက္ခု)သံဃာ (၅ဝဝ) ပါဝင်လျှက် ပထမသင်္ဂါယနာကို ကျင်းပခဲ့ပါတယ်။ ဒေသနာတွေကို မြတ်ဗုဒ္ဓအပါးမှား အမြဲခစားနေတဲ့ တပည့်သာဝကဖြစ်သူ အရှင် အာနန္ဒာက တင်ပြပေးခဲ့ပြီး အဲ့ဒါတွေကို ပိဋကတ်သုံးပုံမှာ သုတ္တန်ဒေသနာအဖြစ်ထားရှိပါတယ်။ နောက်တပည့်တစ်ဦးဖြစ်တဲ့ ရှင်ဥပါလိက အစည်းအရုံးဆိုင်ရာ ဗုဒ္ဓရဲ့သွန်သင်ချက်များကို တင်ပြခဲ့ပြီး အဲ့ဒါတွေကိုတော့ ဝိနည်း (ဝိနယ) အဖြစ်ထားရှိပါတယ်။ ပိဋကတ်သုံးပုံရဲ့ တတိယအပိုင်းဖြစ်တဲ့ အဘိဓမ္မာကို ရှင်မဟာ ကဿပက ဆင့်ပြန်တယ်လို့ သိကြပေမယ့် ပထမနဲ့ ဒုတိယ သင်္ဂါယနာနှစ်ခုရဲ့ သမိုင်းအရ ရှင်မဟာ ကဿပဟာ ပထမနဲ့ ဒုတိယ သင်္ဂါယနာတွေမှာ မည်သည့်ဗုဒ္ဓဒေသနာတွေကိုမှ ဆင့်ပြန်တယ်လို့ ဖော်ပြထားခြင်းမရှိပါဘူး။
ပထမသင်္ဂါယနာဟာ ခုနှစ်လကြာမြင့်ခဲ့ပြီး ပိဋကတ်သုံးပုံရဲ့ ပထမနှစ်ပိုင်းဖြစ်တဲ့ သုတ္တန်နဲ့ ဝိနည်းတို့ စတင်အခြေတည်ပါတယ်။ ဒီနေရာမှာ အထူးအရေးတကြီး ဖော်ပြလိုတာက သင်္ဂါယနာတင်ဆောင်ရွက်ကြတဲ့အခါမှာ မည်သည့်စကားလုံးတစ်လုံးကိုမျှ ပေထက်အက္ခရာတင်ထားခြင်းမရှိပါဘူး။ ရဟန်းတွေသာ နှုတ်ငုံဆောင်ဖို့ တာဝန်တင်ရှိပါတယ်။ ဒါကို ဗုဒ္ဓဘာသာ သုတေသီတွေပါ သဘောတူလက်ခံကြပါတယ်။ နှုတ်တိုက်သက်သက်သာဖြစ်ပြီး ရေးသားကမ္ဗည်းတင်တဲ့အပိုင်းမပါပါဘူး။

ဒုတိယသင်္ဂါယနာ
ပထမသင်္ဂါယနာအပြီး နောက်ထပ်နှစ်တရာအကြာ ဘီစီ ၄၄၃-၄၄၂ ခု ပါဋလိပုတ်မြို့ရဲ့ မြောက်ဘက် ၂၇ မိုင်အကွာက ဝေသာလီပြည်မှာ မာဂဓပြည့်ရှင် ကာလာသောကရဲ့ ကမ္မကထပြုချက်နဲ့ ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့ပါတယ်။ သင်္ဂါယနာတင်ရတာဟာ ကွဲပြားမှုတွေပေါ်ထွက်လာတဲ့အတွက် ဒီကွဲပြားမှုတွေကနေ အများသဘောတူညီတဲ့ မြတ်ဗုဒ္ဓရဲ့ဒေသနာကို အာဂုံဆောင်ထားတဲ့ ရဟန်းတော်တွေကတစ်ဆင့် ပြန်လည်စုစည်း ညှိုနှိုင်းယူရတာဖြစ်ပါတယ်။ ရဟန်း(ဘိက္ခု)သံဃာပေါင်း ၇ဝဝ ကျော် တက်ရောက်ခဲ့ပြီး ရှင်မဟာ ယဿက အကြီးအမှူးအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

ပထမသင်္ဂါယနာအပြီးယင်း၏ ဆုံးဖြတ်ချက်ကို သဘောမတူသောရဟန်းများက ဝိနည်းကို မိမိတို့အလိုကျပြုပြင်၍ ဝတ္ထုဆယ်ပါး (ဒဿဝတ္ထု) ကို ကျင့်ကြပါတယ်။ ဒီရဟန်းတော်တွေကိုတော့ မဟာသံဃိကလို့ခေါ်ပါတယ်။ ဂိုဏ်းအမည်ကိုတော့ မဟာသင်္ဂိတီဂိုဏ်း သို့ မဟာသံဃိကဂိုဏ်းလို့ခေါ်ကြပါတယ်။ ဘီစီ ၃-၄ ရာစုမှာတော့ မဟာသံဃိကတွေက သြဇာအာဏာ ကြီးထွားလာခဲ့တာကြောင့် သံဃာထုအကြားမှာ အထင်အရှားကွဲလွဲမှုတွေပေါ်ပေါက်ခဲ့ရတယ်။ ဒါကြောင့်မူလပင်မဂိုဏ်း(နောင်ထေရဝါဒဂိုဏ်းကွဲတစ်ခုပေါ်ထွက်လာမည့်ဂိုဏ်း) က ရဟန်းတွေဟာ အချင်းချင်းတိုင်ပင်နှီးနှောကြပြီး ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။  မဟာသံဃိကရဟန်းတော်တွေဟာလည်း သင့်တင့်တဲ့အရေအတွက်ရှိတာကြောင့် ကောသမ္ဗီပြည်နယ်မှာ စင်ပြိုင်(ပထမ) သင်္ဂါယနာတင်ခြင်းကို ပြုလုပ်ခဲ့ကြပါတယ်။ 

ဒီကွဲလွဲမှုတွေကြောင့် ဒုတိယသင်္ဂါယနာမှာ သုတ္တန်နဲ့ ဝိနည်းတို့ကို အပြန်အလှန် ဆန်းစစ်မွမ်းမံဖို့ အခြေအတင်ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီအကြိမ်မှာလည်း ပထမသင်္ဂါယနာနည်းတူ နှုတ်တိုက် ရွတ်ဆိုခဲ့ခြင်းသာဖြစ်ပြီး ဝိနယနဲ့ သုတ္တန်ပါဠိတော်ရဲ့ မည့်သည့်အစိတ်အပိုင်းကိုမျှ ရေးသားမှတ်တမ်းတင်ခဲ့ခြင်းမရှိပါ။

တတိယသင်္ဂါယနာ
ဘီစီ ၂၆၉ ခုနှစ်မှာ ဗြဟ္မဏဘာသာကို ကိုးကွယ်တဲ့ မောရိယပြည့်ရှင် ဗိန္ဒုသာရရဲ့ သားဖြစ်သူ အသောက နန်းတက်လာခဲ့ပါတယ်။ဘုရင်ဖြစ်ပြီး နှစ်အတန်ကြာမှာပဲ ဗုဒ္ဓဘာသာကို အတိအလင်းခံယူခဲ့ပါတယ်။ သာသနာဖြန့်ချီရေးအတွက်လည်း အစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။ ဒီအချိန်မှာ မူလပင်မဂိုဏ်း( နောင်ထေရဝါဒပေါ်ထွက်လာမည့်ဂိုဏ်း) မှလည်း ဂိုဏ်းကွဲများ ဆက်ကာဆက်ကာ ကွဲသွားရာ " သဗ္ဗတ္ထိဝါဒ၊ ဓမ္မဂုတ္တိက၊ ကဿမိက၊ သုတ္တန္တိကဝါဒ " စသည်အားဖြင့် (၁၁) ဂိုဏ်းအထိကွဲသွားပြီး မဟာသံဃိက ဂိုဏ်းကွဲများပါထည့်ပေါ်င်းလျှင် (၁၈) ဂိုဏ်းခန့်တွေ့ရပါတယ်။ အခြားဂိုဏ်းကွဲငယ်အများအပြားလည်းရှိကြောင်း ကထာဝတ္ထု အဌကထာတွင် ဖတ်ရှုနိုင်ပါတယ်။

အသောကမင်းကြီးကမ္မကထပြုလျှက် ဒီဂိုဏ်းကွဲတွေကို ပြန်လည်စည်းလုံးညီညွတ်သွားစေဖို့အတွက် ဂိုဏ်းအားလုံးမှ ရဟန်းတော်များကို ပင့်ဖိတ်ပြီး ဘီစီ ၂၄၇-၂၅ဝ ခုနှစ် ပါဋလိပုတ်ပြည်မှာ ရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်ဦးဆောင်ကာ တတိယ သင်္ဂါယနာတင်ခြင်းကိုပြုလုပ်ခဲ့ပါတယ်။ အဘိဓမ္မာကျမ်း၌ အကျုံးဝင်သော ကထာဝတ္ထုကို ရှင်မဟာမောဂ္ဂလိပုတ္တ တိဿမထေရ်ပင်ပြုစုခဲ့ခြင်းဖြစ်ပါတယ်။(ပိဋကတ်တော်သို့ ဖြည့်စွက်ချက်။) ဒီသင်္ဂါယနာတင်ပွဲကို ပါဋလိပုတ်စည်းဝေးပွဲလို့လည်း လူသိများပါတယ်။ ပါဋလိပုတ်စည်းဝေးပွဲမှာ ရဟန်းတော်ပေါင်း ခြောက်သောင်းခန့်ကို အကျင့်ပျက်ရဟန်းတွေအဖြစ် သံဃာထဲက ကြဉ်ခဲ့ကြပြီး မိစ္ဆာဒိဌိများအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ဤတတိယသင်္ဂါယနာတွင်လည်း အားလုံးသောအကြောင်းအရာများကို နှုတ်တိုက်သာကျက်မှတ်ခဲ့ခြင်းဖြစ်ပြီး ရေးသားမှတ်တမ်းတင်ခဲ့ခြင်း မရှိပါဘူး။ အချို့သုတေသီတွေက တတိယသင်္ဂါယနာမှာ ပေထက်အက္ခရာတင်တယ် အောင့်မေ့ကြပါတယ်။ အကြောင်းပြချက်တစ်ခုက အာသောကကျောက်စာအချို့ကို အထောက်ပြကြတယ်။ တကယ်တော့ အသောက ကျောက်စာတွေက သင်္ဂါယနာမတင်ခင်က အချို့အစိတ်အပိုင်းလောက်သာ ရေးထိုးထားပြီး နေရာဒေသတစ်ချို့မှာ စိုက်ထူခဲ့တာပါ။ တတိယသင်္ဂါယနာတင်တဲ့အကြောင်း အသောကကျောက်စာများ၌ မတွေ့ရပါ။ နောက်အကြောင်းပြချက်တစ်ခုက အသောကရဲ့ သားတော် ရှင်မဟိန္ဒ ပိဋကတ်သုံးပုံပေမူနဲ့ သီဟိုဠ်ကို သာသနာပြုဖို့သွားခဲ့တယ်လိုဆိုကြပါတယ်။ ဒါပေမယ့် ပေမူတွေယူသွားတယ်ဆိုတဲ့ အချက်အတွက် ဗုဒ္ဓဘာသာစာပေနဲ့ သမိုင်းအထောက်အထားမတွေ့ရပါ။

စတုထ္ထသင်္ဂါယနာ

ပိဋကတ်သုံးပုံကို မည်သည့်အချိန်မှာ အပြည့်အစုံရေးသားမှတ်တမ်းတင်ခဲ့ပါသလဲ။ ခိုင်မာတည်တံ့တဲ့ အထောက်အထားရှုထောင့်အရ ပိဋကတ်သုံးပုံအပြည့်အစုံကို မြတ်ဗုဒ္ဓပွင့်တော်မူခဲ့တဲ့ အိန္ဒိယမှာ မဟုတ်ဘဲ သီဟိုဠ် (သီရိလင်္ကာ) မှာ ပထမဆုံးအကြိမ် စာဖြင့်ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုအပြီး နှစ်ပေါင်း (၄၅ဝ) အကြာ ဘီစီ ၄၃ ခုနှစ်မှာ မှတ်တမ်းတင်ရေးသားတဲ့ ပိဋကတ်သုံးပုံရဲ့ ပထမဆုံးမူဟာ ပါဠိဘာသာနဲ့ရေးသားထားတာမဟုတ်ပြန်ပါဘူး၊ သီဟိုဠ်ဘာသာနဲ့ရေးသားခဲ့တာပါ။ 

အသောကမင်းရဲ့သားတော် ရှင်မဟိန္ဒနဲ့ ဆွေရင်းမျိုးရင်းနှစ်ဦးရယ် ပညာကျော် သံဃာလေးပါးတို့ဟာ သီဟိုဠ်ကို သာသနာပြုကြွသွားခဲ့ပါတယ်။ ဒီသံဃာတော်တွေက သီဟိုရဟန်းတော်တွေကို ပိဋကတ်တော်တွေ နှုတ်တိုက်ချပေးအာဂုံဆောင်စေခဲ့ပါတယ်။ ခုလိုလုပ်ကိုင်နည်းများအရ သီဟိုဠ်မှာလည်း ပိဋကတ်သုံးပုံကို မျိုးဆက်တစ်ဆက်မှတစ်ဆက် အာဂုံဆောင်နည်းနဲ့သာ လက်ဆင့်ကမ်းခဲ့ကြတာပါ။ ဘီစီ (၄၃) ခုနှစ်မှာ ဗုဒ္ဓဘာသာကို မြှောက်စားခဲ့တဲ့ သီဟိုဠ်ဘုရင်တွေ နန်းကျသွားပြီး တမီလ်ဘုရင်တွေ နန်းတက်လာခဲ့ပါတယ်။ ဒီဘုရင်တွေဟာ ဗုဒ္ဓဘာသာကို စိတ်မဝင်စားခဲ့ပါဘူး။

ပြည်တွင်းနိုင်ငံရေးမငြိမ်မသက်ခြင်းနဲ့ ဗုဒ္ဓဘာသာကို ဘုရင်မင်းတရားတွေဘက်က ထောက်ခံမှုမရှိခဲ့တော့တာကြောင့်လည်း မဟာထေရ်များလို့ ထင်ရှားတဲ့ ဗုဒ္ဓဘာသာပညာရှိကြီးများက ပိဋကတ်သုံးပုံကို ရေးသားမှတ်တမ်းတင်ခြင်းဖြင့် ထိန်းသိမ်းရန် နည်းလမ်းရှာကြံလာခဲ့ကြပါတယ်။ ဒါကြောင့် အာဂုံရ ရဟန်းတော်များ(ဘိက္ခုများ) ရဲ့အကူအညီနဲ့ ပိဋကတ်သုံးပုံကို ပါဠိဘာသာကနေ သီဟိုဠ်ဘာသာစကားနဲ့ဘာသာပြန်ဆိုခဲ့ကြပါတယ်။ “သီဟိုဠ်တွင် ဗုဒ္ဓဘာသာသမိုင်း” (History of Buddhism in Ceylon by Walpola Rahula) ကို ရေးသားခဲ့တဲ့ ဒေါက်တာဝါလ်ပိုလာ ရာဟုလာက ရှေးဟောင်း သီဟိုဠ်သမိုင်းကျမ်းများဖြစ်တဲ့ မဟာဝံသနဲ့ ဒီပဝံသကျမ်းတွေကိုကိုးကားပြီး သမိုင်းမှာပထမဆုံးအကြိမ် ပိဋကတ်သုံးပုံကို ပေထက်အက္ခရာတင်ခဲ့ပုံနဲ့ပတ်သက်လို့ အခုလို ရေးသားသွားခဲ့ပါတယ်။

ဘီစီ ၄၃ ခုနှစ်ကစလို့ ၁၄ နှစ်အတွင်း အနုရာဓပြည်မှာ တမီလ်ဘုရင် ငါးပါးအုပ်စိုးသွားခဲ့ပါတယ်။ ဒီတုန်းက (စတုထ္ထသင်္ဂါယနာတင်မင်းလို့ဆိုကြတဲ့) ဘုရင်ဝဋ္ဓဂါမဏိကိုယ်တိုင် ဝေးလံတဲ့ဒေသ တောအုပ်တစ်ခုမှာ ပုန်းအောင်းနေခဲ့ရပါတယ်။ မဟာထေရ်များနဲ့ သီဟိုဠ်ခေါင်းဆောင် တွေက ဗုဒ္ဓဘာသာရဲ့အနာဂတ်အရေးကအန္တရာယ်ဆိုက်တော့မှာကို မြင်ခဲ့ကြပါတယ်။ ရပ်တည်ဖို့တောင်အနိုင်နိုင်ဖြစ်နေခဲ့ပြီ။ ထောက်ခံမဲ့ သီဟိုဠ်ဘုရင်များလဲ မရှိတော့ဘူး။ ပိဋကတ်သုံးပုံကို အဆင့်ဆင့်နုတ်တိုက်နည်းနဲ့ပဲ ရှေ့ဆက်အာဂုံဆောင်သွားဖို့ဆိုတာက ရန်လိုနေတဲ့ဝန်းကျင်ကြီးမှာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။ ဒီမအေးချမ်းတဲ့ အခြေအနေဆိုးကြီးထဲမှာ ဗုဒ္ဓဘာသာရဲ့သွန်သင်ချက်တွေကို ထိန်းသိမ်းဖို့က ဒေသနာတွေကို တန်ဖိုးထားတဲ့သံဃာတို့ရဲ့ အဓိကတာဝန်ဖြစ်နေပြီ။ ဒါကြောင့် အမြင်ကျယ်လှတဲ့မဟာထေရ်တွေက ဒေသခံအကြီးအကဲတစ်ဦးရဲ့ ကမ္မကထပြုမှုနဲ့ မတလိရွာ အလုဝိဟာရမှာ ပိဋကတ်သုံးပုံအလုံးစုံကို ဋီကာဖွင့်ချက်နဲ့ တစ်ပါတည်း သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ကြာရှည်မပျက်တည်နေရအောင်လို့ ပေထက်အက္ခရာ တင်ခဲ့ကြပါတယ်။ (History of Buddhism by Walpola Rahula Page 81-82, Ananda W. P. Guruge Speech Delivered at Washington D.C on the Occassion of the 2600th Birthday of Buddhism -March 23 2012)။ သမိုင်းမှတ်တမ်းတွေအရ စတုတ္ထသင်္ဂါယနာတင်သူဟာ ဘုရင်ဝဋ္ဓဂါမဏိမဟုတ်ဘဲ ဒီအမည်မဖော်ပြထားတဲ့ ဒေသခံအကြီးအကဲသာဖြစ်ပါတယ်။ အဲဒီအချိန်မှာ သီရိလင်္ကာမှာ ကပ်ဘေးဆိုက်နေပြီး ဗုဒ္ဓသာသနာဟာလည်း အင်မတန်မှ ဆိုးဆိုးရွားရွားဖျက်စီးခံနေရတဲ့အချိန်လည်းဖြစ်တယ်။ ဒါတင်မက ဒေါက်တာ ဝါလ်ပိုလာ ရာဟုလာက ဘီစီတတိယရာစုကတည်းကပိဋကတ်သုံးပုံထဲက တစ်စိတ်တစ်ဒေသရဲ့ဋီကာဖွင့်ထားချက်က လက်ရှိကျမ်းပုံစံနဲ့တော့ ရှိနေကောင်းရဲ့လို့ ဆိုခဲ့ပေမဲ့ ဘီစီပထမရာစုမတိုင်မီ ပိဋကတ်သုံးပုံအလုံးစုံကို ပေထက်အက္ခရာ တင်မထားသေးဘူးဆိုပြီး အခုလိုဝန်ခံထားခဲ့ပါတယ်။ “ပိဋကတ်သုံးပုံဋီကာကျမ်းများ၏စာအုပ်ပုံစံများကို သီဟိုဠ်ကျွန်းတွင်ဘီစီ ၃ ရာစုအတွင်း ဗုဒ္ဓသာသနာကျွမ်းဝင်ပြီးနောက်ပိုင်းမှသာ အသုံးပြုလာတယ်လို့ထင်ရပါတယ်။ ဒါပေမယ့် အချက်အလက်တွေအရ ပိဋကတ်သုံးပုံသည်ပင် ဘီစီ (၁) ရာစုအတွင်းမှသာ ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။” (History of Buddhism in Ceylon by Walpola Rahula Page 288)
သင်္ဂါယနာများကို နှစ်တစ်ရာသို့မဟုတ် နှစ်တစ်ရာ့ငါးဆယ်ကြာအပြီး တစ်ကြိမ်ကျစီကျင်းပခဲ့ရာမှာ ပိဋကတ်သုံးပုံကို ပြင်ဆင်တိုးတက်စေခြင်းတွေ၊ ပယ်ဖျက်ခြင်းတွေနဲ့ ထပ်မံဖြည့်စွက်ခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလိုတိုးတက်ဖြစ်ထွန်းစေခြင်း၊ ပယ်ဖျက်ခြင်းနဲ့ ထပ်ပေါင်းခြင်းဖြစ်စဉ်များဟာ သမိုင်းမှာပိဋကတ်သုံးပုံကို ပထမဆုံးအကြိမ်ရေးသားမှတ်တမ်းတင်တဲ့ ဘီစီ ၄၃ ထိတိုင်အောင်ပင်ဖြစ်ပါတယ်။
ပိဋကတ်သုံးပုံအပေါ် အသစ်အသစ်သော ပုံမှန်ပြင်ဆင်တည်းဖြတ်မှုများကို နောက်ထပ် နှစ်ပေါင်း ၅၀၀ ကာလအထိပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် နောက်ထပ်သတိပြုရမှာတစ်ခုကသီဟိုဠ် ဘာသာစကားကနေ ထပ်မံပါဠိဘာသာကိုပြန်ပြီးဘာသာပြန်ခဲ့ကြရတာပါ။ ဒီအတွက်ကြောင့် မြတ်ဗုဒ္ဓပရိနိဗ္ဗာန်ပြုတော်မူပြီး နှစ်ပေါင်း ၉၅၀ ကြာတဲ့အခါကျမှပဲ ပိဋကတ်သုံးပုံက ပါဠိမူအဖြစ်နဲ့ တည်ရှိလာခဲ့ရတာဖြစ်ပါတယ်။ ပထမဆုံး ပါဠိမူအဖြစ် ရှိလာခဲ့ရပုံကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အသောကမင်းကြီးရဲ့ ကြိုးပမ်းချက်ကြောင့် ဗုဒ္ဓဘာသာက သီဟိုဠ်နိုင်ငံနဲ့ အနီးအနားဒေသတွေမှာ 
ပြန့်ပွားသွားခဲ့ရရုံသာမက အိန္ဒိယနိုင်ငံမှာပါ လူအတော်များများက လက်ခံယုံကြည်လာခဲ့ရပါတယ်။ ဘုရင်မင်းတရားကိုမှီပြီး ဒီဘာသာထဲ ၀င်လာခဲ့သူတွေထဲမှာ ဗြဟ္မဏ၀ါဒရဲ့ အရိပ်တွေကထိုးပြီးကျန်ခဲ့ပါတယ်။ အဲဒီအကြောင်းကပဲအိန္ဒိယနိုင်ငံမှာ ဗုဒ္ဓဘာသာကွယ်ပရခြင်းရဲ့ပင်မအချက်ဖြစ်ပါတယ်။ ဒါကြောင့် အသောကမင်းလွန်ပြီး နှစ်ကာလကြာလာတာနဲ့အမျှ
ဗုဒ္ဓဘာသာထဲမှာ ဗြဟ္မဏ၀ါဒရဲ့အယူဓလေ့တွေတစ်စတစ စတင်ကြီးစိုးသွားခဲ့ပါတယ်။ ဒီလိုနဲ့ အေဒီ ၅ ရာစုမှာတော့ ဗြဟ္မဏတို့က သူတို့ရဲ့အတွေးအခေါ် အယူဝါဒတွေကို ဗုဒ္ဓဘာသာထဲ အပြီးအပိုင်နစ်ဝင် သွားစေနိုင်ခဲ့ပါတယ်။ ပိဋကတ်သုံးပုံကိုအာဂုံရခဲ့တဲ့ သံဃာတွေဆိုတာလည်း မရှိသလောက်ဖြစ်သွားခဲ့ပြီ။ ကျမ်းတတ်ပညာရှိတွေကလဲ ရှားပါးသွားပြီ။ 
မှတ်ဥာဏ်မှာ အစဉ်အဆက်ထိန်းသိမ်းလာခဲ့တဲ့ ပိဋကတ်တွေက အခုကာလမှာတော့ လက်ဆင့်ကမ်းအမွေခံမယ့်သူမရှိတော့ပါဘူး။ ဒီအခြေအနေဆိုးတွေကို ရင်ဆိုင်ရလို့ ထင်ရှားတဲ့ဗုဒ္ဓဘာသာဝင်ကြီးဖြစ်တဲ့ ရှင်မဟာဗုဒ္ဓဃောသက အေဒီ ၅ ရာစုမှာ သီဟိုဠ်နိုင်ငံကိုသွားခဲ့ပါတယ်။ ခက်ခဲစွာ ကြိုးပမ်းခဲ့အပြီးမှာ သူကပဲ ပိဋကတ်သုံးပုံအလုံးစုံနဲ့ ဋီကာကို သီဟိုဠ် ဘာသာစကားကနေ ပါဠိဘာသာသို့ ပြန်ဆိုရေးသားခဲ့ပါတယ်။ ဒီလိုနဲ့ ပိဋကတ်သုံးပုံ ပါဠိမူဆိုပြီး ရှိလာခဲ့ပါတယ်။ ဘာတွေပြောင်းထားတယ်၊ ဘာတွေ ဖြည့်ထားတယ်ဆိုတာကိုတော့ ဒေါက်တာ ဝေပုလ ရာဟုလာရဲ့ အောက်ပါပြောစကားအရပဲ ဆုံးဖြတ်ကြည့်နိုင်ပါတယ်။

“အိန္ဒိယနဲ့ သီဟိုဠ်မှာ စောစောပိုင်းရာစုနှစ်များအတွင်းမှာ ပါဠိကျမ်းစာ ရယ်လို့ရှိခဲ့ပြီဆိုတာကို သက်သေသာဓကပြနိုင်ပေမဲ့ ကျမ်းစာဖြစ်လာရေးမှာ အဟန့်အတား အကန့်အသတ်တွေရှိနေတာကိုတော့ သံသယဖြစ်စရာဘာအကြောင်းမှမရှိပါဘူး။ အေဒီ ၅ ရာစုမှာမှ အရှင်ဗုဒ္ဓဃောသက သီဟိုဠ်ကနေ ပါဠိဘာသာကို ပြန်ဆိုခဲ့တဲ့အတွက်ကြောင့်သာ အပြီးသတ်ကျမ်းအဆင့်ရောက်ခဲ့ရတယ်။” (History of Buddhism in Ceylon by Walpola Rahula - Introduction)အထက်မှာဖော်ပြခဲ့တဲ့အချက်တွေအတိုင်း ကောက်ချက်ယူရရင် အဲဒီပါဠိပိဋကတ်တွေကလည်း မူလအတိုင်းအတိအကျမဟုတ်ဘဲဘာသာပြန်ဆိုထားတာကို ထပ်ဆင့်ဘာသာပြန်ဆိုခြင်းသာဖြစ်ပါတယ်။ ဒါ့ကြောင့် နှစ်ပေါင်း(၉၅၀)အတွင်းမှာယင်းပိဋကတ်တွေဟာ ပြင်ဆင်ဖြည့်စွက်နုတ်ပယ်ခြင်းမြောက်မြားစွာပြုလုပ်ခံခဲ့ရပါတယ်။

 ပဉ္စမ နှင့် ဆဋ္ဌ သင်္ဂါယနာ

စတုတ္တသင်္ဂါယနာတင်ပြီး နှစ်ပေါင်း ၂၀၀၀ ခန့်အကြာ မြန်မာနိုင်ငံ မင်းတုန်းမင်းလက်ထက်၊ သာသနာသက္ကရာဇ် ၂၄၁၅ ခု၊ မြန်မာသက္ကရာဇ် ၁၂၂၂ ခုတွင် အရှင်ဇာဂရမထေရ် အမှူးရှိသော ဆရာတော် ၂၄၀၀ တို့ဖြင့် ကျောက်ထက်အက္ခရာ တင်ခြင်းနှင့် နှုတ်တက်သံပြိုင် ရွတ်ဆိုခြင်းနှစ်မျိုးဖြင့် ပဉ္စမသင်္ဂါယနာ ကိုတင်ခဲ့ခြင်းဖြစ်သည်။
ပဉ္စမသင်္ဂါယနာတင်ပြီးနောက် နှစ်ပေါင်း(၈၀)အကြာ သာသနာ သက္ကရာဇ် ၂၅၀၀ ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင်  ညောင်ရမ်းဆရာတော်ဘုရားကြီး အမှူးရှိသော ထေရဝါဒငါးနိုင်ငံမှ သံဃာတော် ၂၅၀၀-တို့နှင့် ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ဆဋ္ဌမသင်္ဂါယနာတင်သည်။
 
ကျွန်တော်အထက်မှာ တင်ပြခဲ့တဲ့အချက်အလက်တွေအရ  အစ္စလာမ်သာသနာနဲ့ အစ္စလာမ့်ကိုရ်အာန်ကျမ်းစာကို မဟုတ်တမ်းတရား ဝေဖန်သူ ဦးနေမျိုးဝေအား ထပ်ဆင့်ထောက်ခံရေးသားသည့် အရှင်တေဇနိယ၏ ပိဋကတ်ကျမ်းစာနှင့်ပတ်သတ်သောအမြင်မှာ မှားယွင်းကြောင်းရှင်းလင်ထင်ရှား၍ အရှင်တေဇနိယသာ ကတိပြုထားသည့်အတိုင်း ကတိကဝတ်ကိုဖြည့်စည်းမည်ဆိုပါက အစ္စလာမ်သာသနာအတွင်းသို့ ဝင်ရောက်ရပေမည်။ အရှင်တေဇနိယက မိမိဘာသာ ကတိပေးခြင်းဖြစ်ပြီး ကျွန်တော်အနေနဲ့မူ ဘာသာတစ်ခုထဲသို့ မသိနားမလည်ဘဲဝင်ရောက်ခြင်းက ကောင်းကျိုးထက်ဆိုးကျိုးကိုသာပိုဖြစ်စေမည်ဟု ယုံကြည်သဖြင့် အစ္စလာမ်သာသနာထဲသို့ဝင်ရန် အတင်းမတိုက်တွန်းလိုပါ။

ဒီနေရာမှာ ကိုရ်အာန်ကျမ်းစာရဲ့ ထူးခြားမှုကို အသိပေးလိုပါတယ်။ ကိုရ်အာန်ကျမ်းစာဟာ အခြားဘာသာသာသနာတွေရဲ့ ကျမ်းစာတွေလို ကျမ်းစာဟောကြားတဲ့ တရားပြပုဂ္ဂိုလ်တွေ ကွယ်လွန်ပြီးခါမှ သင်္ဂါယနာတင် အတည်ပြုစုစည်းတာမျိုးမဟုတ်ဘဲ တရားဟောကြားတဲ့ တမန်တော် မိုဟမ္မဒ်ရှိတဲ့ကာလတွင်းမှာပဲ ကျမ်းစာတစ်ခုလုံး အဆင့်ဆင့်ကျရောက်ပြီးဖြစ်တာကြောင့် ကျမ်းစာကို နှုတ်ငုံဆောင်ထားသူသာဝကတွေကို တမန်တော်မိုဟမ္မဒ်ကိုယ်တိုင်က အတည်ပြုပေးပြီးဖြစ်ပါတယ်။ ဒါအပြင့် တမန်တော်မိုဟမ္မဒ်ကွယ်လွန်ပြီး နှစ်အနည်းငယ်အတွင်းမှာပဲ ကျွန်တော်တို့ ယခုသုံးနေတဲ့ စာအုပ်စာပေအတိုင်း စာရေးမှတ်တမ်းတင်ပြီးဖြစ်ပါတယ်။ အဒီအချိန်ကမှတ်တမ်းတင်ထားတဲ့ ကိုရ်အာန်ကျမ်းစာဟာ ယခုနှစ်ပေါင်း (၁၄ဝဝ) ကျော်ရှိလာပြီဖြစ်ပေမယ့် တစ်လုံးတစ်ပါဒမျှလွဲမှားပြောင်းလဲခြင်းမရှိကြောင်းကို ကမ္ဘာတဝန်းက ပညာရှင်တွေအားလုံးသက်သေခံပါတယ်။ကိုရ်အာန်ကျမ်းဟာ အခြားကျမ်းစာများနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အရွယ်ပမာဏအားဖြင့် များစွာငယ်ပါတယ်။ ဖွဲ့စည်းထားတာဟာလည်း နှုတ်ရကျတ်မှတ်လို့လွယ်အောင် ဖွဲ့စည်းထားတာပါ။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာပေါ်မှာ ရှိတဲ့ ကိုရ်အာန်ကျမ်းစာ စာအုပ်အားလုံးပျောက်ပျက်သွားတယ်ဆိုပါစို့။ အဲ့ဒီကိုရ်အာန်ကျမ်းစာကို စာဖြင့်ပြန်ရေးဖို့ရာ ဟာဖီဇ် လို့ ခေါ်တဲ့ ကိုရ်အာန်ကို နှုတ်ငုံရအာဂုံဆောင်သူတစ်ဦးက အသံသွင်းမယ်ဆိုရင် နာရီပေါင်း (၁၈) နာရီထက်ပိုမကြာပါဘူး။ မြန်မာပြည်တပြည်လုံးမပြောပါနဲ့ ရန်ကုန်တစ်မြို့လုံးလည်း မဆိုပါနဲ့ ရွှေတိဂုံဘုရားလမ်းကနေ ဗိုလ်အောင်ကျော်လမ်းထိ အတွင်းမှာပဲ ကိုရ်အာန်ကျမ်းစာကို နှုတ်ငုံရတဲ့သူ အမြောက်အများကို ကျွန်တော်တို့ ရှာဖွေစုဆောင်းနိုင်ပါတယ်။ အဲ့ဒီလို ထူးခြားတဲ့ ဂုဏ်ယူမှုမျိုးကို အခြားကျမ်းစာတွေမပြုလုပ်နိုင်ဘူးဆိုတာ ကျွန်တော် ရိုးသားစွာပြောပါရစေ။

ကိုရ်အာန်ကျမ်းစာဟာ အခြားကျမ်းစာတွေနဲ့နှိုင်းယှဉ်ရင် အရွယ်ပမာဏာအားဖြင့် အသေးငယ်ဆုံးဖြစ်ပါတယ်လို့ အထက်မှာ ကျွန်တော်ပြောခဲ့ပါတယ်။ အရွယ်ပမာဏငယ်ပေမယ့်လည်း အခြားမည်သည့်ကျမ်းစာမှ မိမိအားယုံကြည်သူ နောက်လိုက်များအပေါ် ကိုရ်အာန်လောက် သြဇာသက်ရောက်မှုမရှိဘူးလို့ပြောမယ်ဆိုရင် လွန်မယ်မထင်ပါဘူး။ ကိုရ်အာန်ကျမ်းစာဟာ အစ္စလာမ်ဘာသာဝင် (မွတ်စလင်) တစ်ဦးရဲ့ ဘဝကို အဖက်ဖက်မှ လမ်းညွှန်မှုပေးပါတယ်။ ဘာသာရေး၊ ကိုယ်ကျင့်တရား၊ လူမှုရေး၊ စီးပွားရေး စတဲ့ ရှုထောင့်အစုံစုံအတွက် ပညာပေးလမ်းညွှန်မှုများပါဝင်ပါတယ်။ လိုရင်းပြောရရင် စည်းမျဉ်းဥပဒေသအားလုံးကို ကိုရ်အာန်ကျမ်းစာက ထုတ်ယူလို့ရပါတယ်။ ယခုလို့သြဇာ သက်ရောက်မှုအရှိဆုံးအနေအထားကို Michael H Hart ရေးတဲ့ ကျော်စွာတစ်ရာ (The 100) စာအုပ်ကလည်း သက်သေခံနေပါတယ်။

ဦးနေမျိုးဝေ အစ္စလာမ်သာသနာအားလွန်စွာမှ ပုတ်ခတ်စော်ကား၍ အချိန်ကုန်လူပင်ပန်းခံကာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်သာသနာဝင်တို့အကြား ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် MRTV 4 ဆရာတော် အရှင် ကဉ္ဇနောဘာသကို စည်းရုံးကာ ကလေးမြို့သို့ မုန်းတီးရေးတရားသွားဟောခဲ့ခြင်းကို ဗီဒီယိုမှတ်တမ်းအနေဖြင့် Youtube တွင် တွေ့ရပါသည်။ လူတစ်ထောင်ခန့်မျှကြည့်ရှုထားပါသည်။ ဗီဒီယိုဖိုင်၏အကျဉ်းသဘောမှာ မွတ်စလင်များသည် သောကြာနေ့တိုင်း ဗလီဆရာများ၏ ဦးဆောင်မှုဖြင့် အစ္စလာမ်မှအပ ဘာသာခြားများ ပျက်စီးရာပျက်စီးကြောင်းကြွေးကြော်ဆုတောင်းနေကြကြောင်း ဆုတောင်းစာ၏သဘောကိုလွဲမှားစွာ လိုသလိုကောက်ယူလျှက်အမုန်းဝါဒဖြန့်ခြင်းဖြစ်ပါသည်။ ဤသည်မှာလုံးဝမှားယွင်းကြောင်း သောကြာနေ့တိုင်း ဗလီတက်လေ့ရှိသော ကျွန်တော်အစ္စလာမ်ဘာသာဝင်တစ်ဦးအနေဖြင့်သာမက အခြားအစ္စလာမ်ဘာသာဝင်များအားလုံးက သက်သေခံနိုင်ပါသည်။ ယမန်နေ့ကပင်လျှင် အစ္စလာမ်သာသာနာရေးကောင်စီက မြန်မာတစ်နိုင်ငံလုံးရှိအစ္စလာမ်ဘာသာဝင်များဘုရားရှိခိုးရာ ဗလီများအတွင်း မည်သည့်ဘာသာဝင်မဆို ၀င်ရောက်ကြည့်ရှုလေ့လာခွင့်ပြုထားမည်ဖြစ်ကြောင်း  မော်ကွန်း မဂ္ဂဇင်းတွင်ဖော်ပြထားပေသည်။ အရှင်ကဉ္ဇနောဘာသ အနေဖြင့် ဦးနေမျိုးဝေယူဆောင်လာသော ဤစာရွက်စာတန်းများကို အင်တာနက်ပေါ်မှရသည်ဟု တာဝန်ကင်းမဲ့စွာ ပြောဆိုထားပါသည်။ အကယ်၍ အမှန်တရားကို လိုလားသူတစ်ဦးဖြစ်ပါမူ သက်ဆိုင်ရာ ဘာသာဝင်အစ္စလာမ်ဘာသာဝင် သို့မဟုတ် ဗလီဆရာတစ်ဦးဦးအား ချဉ်းကပ်မေးမြန်းသင့်ပါသည်။ ယခုမူ မိမိကောင်းစွာမသိရှိသော အကြောင်းအရာကို မိမိနာမည် ဂုဏ်သတင်းကျော်ကြားမှုကို လွဲမှားစွာ အသုံးချဝါဒဖြန့်ခြင်းကြောင့် အစ္စလာမ်သာသနာဝင်များအား မလိုလားအပ်ဘဲ မုန်းတီးစိတ်ဝင်အောင် ပြုလုပ်ပေးခြင်းဖြစ်နေပါသည်။ သင်္ဃန်းရုံထားသော သံဃာတော်တစ်ပါးအနေနှင့် သာ၍ပင် မပြုလုပ်သင့်ပါ။ ဦးနေမျိုးဝေသည် ကမ္ဘာပေါ်တွင် လူသန်းပေါင်းများစွာ အမြတ်တနိုးကိုးကွယ်ကြသော အစ္စလာမ်ဘာသာ၏ ကိုရ်အာန်ကျမ်းစာကို တရားစွဲရန် နိုင်ငံတော် သမ္မတအား တိုက်တွန်းပြောကြားခဲ့ကြောင်း (မေလ ၆ ရက်)က MRTV ရုပ်သံတွင်ထုတ်လွှင့်သွားခဲ့ပါတယ်။

ဆုတောင်းစာ၏ အစစ်အမှန်သဘောမှာ အစ္စလာမ်သာသနာမှလွဲ၍ အခြားဘာသာခြားများကို ညွှန်းဆိုသည်မဟုတ်ဘဲ ဓမ္မနှင့် အဓမ္မဝါဒ ယှဉ်ပြိုင်ရာတွင် အဓမ္မဝါဒ အရေးနိမ့်အောင် ဆုတောင်းပဌာနာပြုခြင်းသာဖြစ်ပေသည်။ အကယ်၍ မတရားပြုသူ အဓမ္မဝါဒီသည် ထိုသို့ဆုတောင်းပါက မိမိဆုတောင်းဖြင့် မိမိကိုယ်ကို ပျက်စီးစေမည်ဖြစ်ပေသည်။ တမန်တော် မိုဟမ္မဒ်သည် ဆော်ဒီအာရေးဘီးယားရှိ မဒီနာမြို့တော်တွင် ဂျူးဘာသာဝင် ဂျူးလူမျိုးများ၊ ခရစ်ယာန်ဘာသာဝင် များနှင့်အတူ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခဲ့ပါသည်။ တမန်တော်မိုဟမ္မဒ်ကား အခြားဘာသာရေးခေါင်းဆောင်များနှင့်တမူထူးခြားစွာ မိမိကိုယ်တိုင် သက်ရှိထင်ရှားရှိနေစဉ် အမြင့်ဆုံးသော နိုင်ငံရေး၊ ဘာသာရေး၊ လူမူရေး ခေါင်းဆောင်အဖြစ်ရှိခဲ့ပါသည်။ သို့စဉ်လျှက် အခြားဘာသာတရားများအားလည်း တန်းတူညီမျှ နေထိုင်ခွင့်နှင့် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားခဲ့ကြောင်း သမိုင်းမှတ်တမ်းများ ငြင်းမရအောင် ရှိနေပါသည်။ လူနည်းစုဖြစ်စေ လူများစု ဖြစ်စေ အခြားဘာသာတရားများအား ဖျက်စီးရန်အစ္စလာမ့်ပဉာတ်ချက်ဟူ၍ ကိုရ်အာန်ကျမ်းတွင် လုံးဝမပါရှိပါ။ ထို့အတွက်ကြောင့် အရှင်ကဉ္ဇနောဘာသနှင့် ဦးနေမျိုးဝေတို့၏ လုပ်ကြံလှီဆယ်ဝါဒဖြန့်မှုများဟာ တက်တက်စင်အောင် လွဲမှားနေကြောင်း သိစေအပ်ပါတယ်။ အလားတူ အခြားသော ဦးနေမျိုးဝေ၏ စွပ်စွဲချက်များ ဝါဒဖြန့်မှုများကို အစ္စလာမ်သာသနာဝင်များထဲမှ ရှင်းလင်းမှုများရှိပြီးဖြစ်ပါသည်။

ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံတဝန်းမှာခုလို လူပုဂ္ဂိုလ်တွေနဲ့ အနည်းငယ်သောရဟန်းသံဃာအချို့ (ဦးဝီရသူ၊ အရှင်ကဉ္ဇနောဘာသ စသဖြင့်) တို့ဟာအစ္စလာမ်ဘာသာမုန်းတီးရေးတရားကို လှိုင်လှိုင်ဟောကြားနေတာကို မြင်တွေ့နေရပါတယ်။ သူတို့လိုလူတွေရဲ့လှုံဆော်မှုနဲ့ မျက်ကန်းနားယောင်သူတွေကြာင့် မိထ္ထိလာ၊ ဥက္ကံစတဲ့ မြန်မာနိုင်ငံသား မွတ်စလင်တွေကို သတ်ဖြတ်တဲ့ အရေးအခင်းတွေအဖြစ် ကြီးမားကျယ်ပြန့်လာရတာဖြစ်ပြီး မတူညီတဲ့ဘာသာဝင် လူထုတွေကြား သံသယတွေတိုးပွားလာနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် အစ္စလာမ် ကျမ်းစာကို ထောက်ပြပြီး ဝေဖန်တာပဲဖြစ်ဖြစ်၊ အစ္စလာမ်သာသနာကို အကြမ်းဖက်သာသနာ၊ အစ္စလာမ်ဘာသာဝင်တွေအားလုံးအကြမ်းဖက်သူတွေ စသဖြင့် မှားယွင်းတဲ့အချက်အလက်တွေနဲ့ ဝေဖန်တဲ့အခါ ဒါကို ပြန်လည်ချေပဖို့နိုးထကြပါ။ သူတို့ရဲ့ စွပ်စွဲမှုတွေကို မချေဖျက်ရင် ဒါတွေဟာ ကျွန်တော်တို့ကိုနှောင်ကြိုးသဖွယ်ချည်တုပ်နေမှာဖြစ်တယ်။ အစ္စလာမ်သာသနာကို အမြဲအထင်သေးနှိမ်ချနေကြမှာဖြစ်တယ်။ ဒီအတွက် အခြေအမြစ်မရှိတဲ့ ကြိုးတွေကိုဖြတ်ပစ်ကြပါ။ ယခုခေတ်ကာလဟာ အသိဉာဏ်ပညာကာလဖြစ်ပါတယ်။ မွတ်စလင်တွေဟာ ကလောင်( စာရေးသားခြင်း) ကို ကိုင်စွဲပြီး အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းတဲ့သာသနာဖြစ်ကြောင်း သိမ့်မွေ့နှုးညံ့စွာနဲ့ အချက်အလက်ခိုင်ခိုင်မာမာ၊ တခြားဘာသာ သာသနာကို မထိမခိုက်ဘဲ အမှန်တရားကို မြတ်နိုးပြီး ရေးသားတင်ပြကြပါ။ ဒါ့အပြင် မိမိတို့ရဲ့ကောင်းမွန်တဲ့လုပ်ရပ်နဲ့ အဲ့ဒါကို သက်သေခံကြပါ။ အစ္စလာမ်သာသနာဝင်တွေဟာ အခြားဘာသာသာသနာတွေကို တိုက်ခိုက်ရမှာမဟုတ်ဘဲ မိမိဘာသာသာသနာကို အပုတ်ချရေးသား တိုက်ခိုက်လာသူတွေကို ပြန်လည်ရှင်းလင်းတင်ပြပြီး အစ္စလာမ်သာသနာဟာလည်း အခြားဘာသာများနည်းတူ လေးစားဂုဏ်ယူဖွယ်ရာ အချက်အလက်တွေပါဝင်တဲ့ သာသနာဖြစ်ကြောင်း ခုခံရှင်းလင်းတင်ပြကြရမှာပါ။

မြန်မာနိုင်ငံတွင်းမှာ နေထိုင်သူအများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များဟာ အေးချမ်း ပျူငှာပြီး အမှန်တရားကို မြတ်နိုးသူတွေဖြစ်ကြပါတယ်။ ဒါပေမယ့် မကောင်းတဲ့ လှုံ့ဆော်သူတွေကြောင့် သူတို့ကြားမှာ နားလည်မှုလွဲမှားတဲ့ အကြိတ်အခဲလေးတွေရှိနေခဲ့ရင် ကျွန်တော်တို့ဟာ ကောင်းမြတ်တဲ့ အကျင့်သီလအပြင် ချေငံစွာနဲ့ ဒါတွေကို ရှင်းလင်းချေဖျက်ပစ်ကြပါ။ ခုလိုပြုလုပ်မယ်ဆိုရင် ဘာသာတရားအချင်းချင်းအပြန်အလှန်နားလည်မှုကနေ ငြိမ်းချမ်းခြင်းဆီကို ဦးတည်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒီဆောင်းပါးစာတမ်းကို ငြိမ်းချမ်းမှုလိုလားတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ကျွန်တော်တို့ကို ချည်တဲ့ကြိုးတွေကိုဖြည်ဖို့ရာ ဒီရှင်းလင်းချက်ကို လူအားလုံးထံရောက်အောင်ဖြန့်ဝေကြဖို့နဲ့ အမှန်တရားကို မြတ်နိုးတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ အစစ်အမှန်သမိုင်းနဲ့ အစ္စလာမ်ဘာသာရဲ့ စစ်မှန်တဲ့ သဘောကို သိရှိနားလည်ဖို့ရာ လေးလေးနက်နက်ဖတ်ရှုကြဖို့တိုက်တွန်းချင်ပါတယ်။

ခင်မင်လျှက်
အောင်သန်းလွင် 



အရှင်တေဇနိယရေးသားချက်

ပသီဇော်မင်းထွန်း ချေပချက်

Reference အကိုးအကားအညွှန်း

History of Buddhism in Ceylon By Dr Walpola Rahula (ဝါလ်ပိုလာ သို့ ဝေပုလ္လ ရာဟုလာ)

C.A.F Rhys Davids (1857-1942)  Wayfarer's Words I,II,III PDF book
လန်ဒန်ပါဠိစာပေအသင်း၏ ပါဠိပါမောက္ခ (ပိဋကတ်တော်များကို ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုသူ)

The Life and work of BUDDHAGHOSA BIMALA CHARAN LAW, M.A., B.L.
(Author, Ksatriya Clans in- Buddhist India, Historical Gleanings, etc)

အိန္ဒိယပြည် ဗုဒ္ဓသာသနာ့သမိုင်း 
ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ-လန်ဒန်) -ပါမောက္ခချုပ် မန္တလေး ရန်ကုန် ဗုဒ္ဓ တက္ကသိုလ် (ပြဌာန်းကျမ်းစာ)

en.wikipedia.org/wiki/Buddhist_councils
(Sinhalese Writing)
ပါရဂူ - ရာဇာနှင့်သာသနာ ( အသောက အခန်းမှ)
Buddhism in Sri Lanka


Ananda W. P. Guruge is Senior Vice-President of the World Fellowship of Buddhists, Chairman of the World Buddhist University Council, Patron of the European Buddhist Union, Former Ambassador of Sri Lanka to UNESCO, France and USA and Senior Special Adviser to the Director-General of UNESCO, Dean Emeritus of Academic Affairs and Professor of Buddhism of the University of the West and Adjunct Professor of Buddhism, Hinduism and Peace Studies of California State University Fullerton.

ဘာသာခြားများသိသင့်သော အစ္စလာမ်ဘာသာ၏ကုရ်အာန်ကျမ်းအကြောင်းခေါင်းစဉ်တပ်၍ MRTV 4 ဆရာတော်နှင့် ဦးနေမျိုးဝေတို့ လုပ်ကြံဝါဒဖြန့်မှု ဗီဒီယို (၉၆၉ ခေါင်းစဉ်ဖြင့်)
 

Saturday, May 4, 2013

အကြမ်းဖက်လုပ်ရပ်တိုင်းသည် ဘာသာရေးအဝန်းအဝိုင်းမှမဟုတ် ဘာသာ သာသနာပြင်ပလုပ်ရပ်သာဖြစ်


မြန်မာနိုင်ငံမှာ ယနေ့ဖြစ်ပျက်နေတဲ့ ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အားလုံးငြိမ်းချမ်းစေမယ့် ဆောင်းပါးလေးတစ်ခု ရေးချင်နေတာကြာပါပြီ။ ဒါပေမယ့် ဘာသာရေးဟာ ထိလွယ်ရှလွယ်ဖြစ်လို့ ရေးတဲ့အခါမှာ ဗုဒ္ဓဘာသာကော၊ အစ္စလာမ်သာသနာဝင်တွေပါ မထိခိုက်စေဘဲ တစ်ဖက်နဲ့တစ်ဖက် အမြင်ကြည်လင်သွားစေမယ့် ရေးသားတဲ့ကိုယ့်ရှုထောင့် (Stand point) ကို ချိန်ဆနေတာကြောင့် အချိန်ယူနေမိတယ်။ ဒါပေမယ့် မိဘတွေက ဆရာ၊ဆရာမတွဖြေစ်နပြေီး ဗုဒ္ဓဘာသာတွေနဲ့ မွေးကတည်းကအတူနေထိုင်လာခဲ့တာ၊ အိမ်မှာလည်း စာအုပ်ဆိုင်လေးရှိတဲ့အပြင် အစ္စလာမ်ဘာသာဝင်ဖြစ်လင့်ကစား ဗုဒ္ဓဘာသာစာပေတွေ နှစ်နှစ်ခြိုက်ခြိုက် ဖတ်ရှုရင်းနှီးနေတာကြောင့် ဘယ်သူ့မှ မထိခိုက်ဘဲ ဘာသာဝင်နှစ်ဖက်အကြား ချစ်ကြည်စေမယ့် နည်းလမ်းတစ်ခုကို ရေးနိုင်မယ်လို့ ယုံကြည်နေတယ်။ တစ်ကယ်တော့ မြန်မာပြည်က အစ္စလာမ်ဘာသာဝင်အတော်များများဟာ အနည်းနဲ့အများဆိုသလို ဗုဒ္ဓဘာသာနဲ့ အထိအတွေ့ရှိကြပါတယ်။ ချစ်စရာကောင်းတဲ့ ဗမာ့ဓလေ့၊ မြန်မာ့အမူအရာတွေကို သူတို့ဆီမှာလည်း အလားတူတွေ့ရနိုင်ပါတယ်။ လူကြီးသူမတွေရှေ့မှာ ခေါင်းငုံသွားတတ်တာ၊ ကားပေါ်မှာ သက်ကြီးရွယ်အိုတွေ ရဟန်းသံဃာတွေဆို နေရာပေးတတ်တာ ကူညီဖေးမတတ်တာ၊ အိမ်ဆိုင်တွေမှာ အများအတွက် ရေချမ်းစင်လေးတွေထားတတ်တာ စသဖြင့်အမြောက်အများပါပဲ။

ခုတော့ နှစ်ပေါင်းများစွာ ညီအစ်ကို မောင်နှမတွေလိုနေလာကြတဲ့ ဘာသာဝင် နှစ်ဖက်ကြားမှာ အမုန်းတရားတွေနဲ့ ရန်စောင်မှုတွေကို နှစ်ဖက်စလုံးက ဘာသာရေးအမြင်ကျဉ်းအစွန်းရောက်သူတွေက သွပ်သွင်းဖို့ ကြိုးစားလာကြပါတယ်။မလိုသူတွေရဲ့ သွေးခွဲမှုတွေကြောင့်တစ်မျိုး ကမ္ဘာအရပ်ရပ်မှာ တွေ့မြင်နေရတဲ့ အစ္စလာမ့်ဘာသာရေးအစွန်းရောက်တွေရဲ့ အပြုအမူတွေကြောင့်တစ်ဖုံ မြန်မာပြည်ထဲက အစ္စလာမ်သာသနာဝင်တွေကိုလည်း အထင်အမြင်သေးခွဲခြားရှုံ့ချချင်သူတစ်ချို့ရှိလာခဲ့တယ်။ မွတ်စလင်တွေအပါအဝင် ဘာသာခြားတွေကို ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ခဲ့တာကြောင့်လည်း ပညာရေး၊ လူမှုရေးနယ်ပယ်တွေမှာ အစ္စလာမ်သာသနာဝင်တွေဟာ ဗုဒ္ဓဘာသာတွေနဲ့ယှဉ်ရင် နိမ့်ကျမှုတွေရှိလာခဲ့တယ်။ သူတို့ကို စနစ်တကျ ခွဲခြားနိမ့်ကျအောင်ပြုလုပ်ခံခဲ့ရတယ်။ တကယ်တော်ထက်တဲ့သူတွေကိုလည်း ရာထူးတိုးမပေးတဲ့ လုပ်ပိုင်ခွင့်တွေ ကန့်သတ်ထားတာမျိုးတွေဟာ ငြင်းမရအောင် ရှိခဲ့ပါတယ်။ ရန်ကုန်မှာ သင့်တင့်တဲ့ အစ္စလာမ်ဘာသာဝင်အရေအတွက်ရှိပေမယ့် ပေါက်ပေါက်မြောက်မြောက်လုပ်ပိုင်ခွင့်ရှိမယ့် ညွှန်ကြားရေးမှုး ဝန်ကြီး စတာမျိုး တစ်နေရာမှ မရတာဟာ အစ္စလာမ်လူထုအတွက် ပညာရေး၊ကျန်းမာရေး လူမှုရေးတို့မှာ သိသိသာသာ အကူအညီအစောင့်အရှောက်ကင်းမဲ့နေတော့တယ်။ ဒီလိုနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်ရာမှာ ပါဝင်ခဲ့တဲ့ ဆရာကြီး ဦးရာဇာတ်လို အစ္စလာမ်ဘာသာဝင် မွတ်စလင်တွေအမြောက်အများရှိပါလျှက်နဲ့ ခွဲခြားဆက်ဆံခံရနေရတဲ့ သူတို့စိတ်ထဲမှာလည်း အကျိတ်အခဲလေးတွေအချို့တော့ မလွဲမရှောင်သာရှိနေခဲ့ပါတယ်။ ဒါတွေကို အသုံးချပြီးတော့ တိုင်းပြည်တိုးတက်မှာကို မလိုလားတဲ့ အုပ်စုတွေအပါအဝင် နှစ်ဖက်လုံးက ဘာသာရေး လူမျိုးရေး အစွန်းရောက်တွေဟာ ပြဿနာတွေ တစ်ခုပြီး တစ်ခုရှာပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လုပ်ဖို့ အားထုတ်ကြပါတယ်။

ဘယ်လိုပဲပြောပြော နိုင်ငံတော်သမ္မတနဲ့ နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ စစ်မှန်ပြီး အေးချမ်းတည်ငြိမ်တဲ့ ဒီမိုကရေစီလမ်းစဉ်ဘက်ကို ကြိုးစားပြီး ဖြည်းဖြည်းချင်းသွားနကြေပါတယ်။ ဒီလိုအချိန်မှာ ကျွန်တော်တို့ ပြည်သူပြည်သားတွဖြေစ်တဲ့ နှစ်ပေါင်းများစွာ အေးအတူပူအမျှ မြန်မာနိုင်ငံတော်ကြီးမှာ မှီတင်းနေထိုင်လာကြတဲ့ ဗုဒ္ဓဘာသာ အစ္စလာမ်ဘာသာဝင်အပြင် အခြား ခရိယာန်၊ ဟိန္ဒူ စသဖြင့်တို့ဟာ စိတ်ဝမ်းမကွဲကြပဲ အချင်းချင်းညီညီညွတ်ညွတ်နဲ့ ဒီလုပ်ငန်းစဉ်တွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ပူးပေါင်းပါဝင်ကြဖို့ လိုအပ်ပါတယ်။

ယခုဖြစ်ပျက်နေတဲ့ ဘာသာရေးပဋိပက္ခတွေမှာ ဝေဖန်ထောက်ပြကြတဲ့ တစ်ဖက်နဲ့ တစ်ဖက်က ဘာသာဝင်တွေဟာ အပြစ်ပြောတဲ့အခါ ရှုံ့ချကြတဲ့အခါမှာ သတိထားရမယ့် အရေးကြီးတဲ့ အချက်တစ်ခုကို ပြောပြချင်ပါတယ်။ အဲ့ဒါကတော့ ဘာသာရေး သို့မဟုတ် မိမိကိုးကွယ်တဲ့ ဘာသာကို လူတိုင်း ဘာသာဝင်တိုင်းက အမြတ်တနိုးနဲ့ တန်ဖိုးထားကြတာဖြစ်တာကြောင့် အဲ့ဒီဘာသာကို မပုတ်ခတ်မိအောင် သတိထားကြဖို့ပါပဲ။ အခုအချိန်မှာ အချို့သူများဟာ ဘာသာရေးအစွန်းရောက်တွေကိုအပြစ်မပြောဘဲ ဗုဒ္ဓ၊ မိုဟမ္မဒ် စသဖြင့် အပြန်အလှန်ပုတ်ခတ်နကြေတာမျိုး ဘာသာသာသနာကို ပုတ်ခတ်နကြေတာမျိုးတွေက ပိုများနေတာကြောင့် ဒီပြဿနာတွေဟာ မဆုံးနိုင်ဖြစ်နေတယ်လို့ သတိထားမိတယ်။

မိထ္ထိလာအရေးအခင်းမဖြစ်ခင် လွန်ကျူးတဲ့အဖြစ်အပျက်ကို လုပ်ဆောင်တဲ့ မွတ်စလင်ဆိုသူတွေဟာလည်း အစွန်းရောက်ဉာဏ်နည်းသူတွဖြေစ်ပြီး မိထ္ထိလာ အရေးအခင်းထဲမှာ လူတွေကို သတ်ဖြတ်ကြတဲ့ အနည်းငယ်သောရဟန်းတော်တွေအပါအဝင် အမည်ခံဗုဒ္ဓဘာသာဝင်အချို့ဟာလည်း မျက်ကန်းအစွန်းရောက်တွေသာဖြစ်တယ်ဆိုတာ ဗုဒ္ဓဘာသာကော အစ္စလာမ်ဘာသာဝင်တွေပါ သတိမှုကြစေချင်ပါတယ်။ ဒီနှစ်ဖက်စလုံးကလူတွေဟာ အစ္စလာမ်ဘာသာကို ကိုယ်စားမပြုသလို ဗုဒ္ဓဘာသာကိုလည်း ကိုယ်စားမပြုပါဘူး။ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဟာ ဒီလိုအကြမ်းဖက်မှုတွေကို မသွန်သင်သလို အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ ကျွန်တော်ပြောချင်တာက အစ္စလာမ်ဘာသာမှာလည်း အလားတူ အကြမ်းဖက်လုပ်ရပ်တွေကို ရှုံ့ချပါတယ်။ အားမပေးပါဘူး။ ဒါပေမယ့် တစ်ဆက်တည်း မဖြစ်မနေဝန်ခံရမှာ တစ်ခုက ကမ္ဘာနဲ့အဝှမ်းမှာ မြင်တွေ့နကြေရတဲ့ အမည်ခံ အစ္စလာမ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေပဲဖြစ်ပါတယ်။ တကယ်တော့ ဒါတွေဟာ အထူးသဖြင့် ပညာနည်းတဲ့ မွတ်စလင်တွေကို ဘာသာရေးအစွန်းရောက် အစ္စလာမ့်တရားဟောဆရာတွေက (brain wash) လုပ် ရိုက်သွင်းပေးထားတာတွေကြောင့်ဖြစ်ပြီး ဒီသဘောတရားရိုက်သွင်းခံရတဲ့သူတွေဟာ အကန်းတွေလိုဖြစ်ပြီး မစဉ်းစားမဆင်ခြင်ဘဲ လိုက်လုပ်ကြတာ (blindly follow) ပဲဖြစ်ပါတယ်။ ဒီအပြုအမူတွေကို ရပ်တံ့အောင်ငြိမ်းချမ်းတဲ့ မွတ်စလင်တွေဟာလည်း မနေမနားကမ္ဘာနဲ့အဝှမ်းမှာ ကြိုးစားအားထုတ်နကြေပါတယ်။ စစ်မှန်တဲ့ အစ္စလာမ်သာသနာမှာဒီလိုအကြမ်းဖက်မှုလုံးဝမရှိပါဘူး။ သာသနာရေးတွင် အတင်းအဓမ္မမှုမရှိ။ ဟု (ကိုရ်အာန်ကျမ်း အခန်းကြီး ၂၊ အခန်းငယ် ၂၅၇) မှာမိန့်ကြားထားပါတယ်။ ဒါ့ကြောင့် ဒီလိုအကြမ်းဖက်မှုတွေ ရပ်တံ့စေဖို့ အခြားဘာသာဝင်တွဖြေစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေဟာလည်း ပူးပေါင်းပါဝင်ကြစေလိုပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဖက်ကလည်း လူနည်းစုရဲ့ မှားယွင်းတဲ့အပြုအမူကိုကြည့်ပြီး ဗုဒ္ဓဘာသာကို မပုတ်ခတ်ကြရသလို ဗုဒ္ဓဘာသာကို ငြိမ်းချမ်းတဲ့ ဘာသာအဖြစ်သဘောထားသလို အပြန်အလှန်အားဖြင့် အစ္စလာမ်သာသနာကိုလည်း ငြိမ်းချမ်းတဲ့ဘာသာအဖြစ်သဘောထားပြီး ဘာသာရေးအစွန်းရောက်တွေရဲ့ မှားယွင်းတဲ့ လုပ်ရပ် အပြုအမူတွေကို ဘာသာ သာသနာပြင်ပက အပြုအမူတွေအဖြစ်နဲ့ အစ္စလာမ်၊ ဗုဒ္ဓဘာသာ စတဲ့ ဘာသာရေးအဝန်းအဝိုင်းထဲကနေ ဆွဲထုတ်ပစ်ကြရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် အစွန်းရောက် အကြမ်းဖက်မှုတွေဟာ ဘာသာရေးရဲ့ ပြင်ပကိုရောက်ရှိသွားပြီး အင်အားချိနဲ့သွားမှာဖြစ်ပါတယ်။ တကယ်လို့ သူတို့ကို အစ္စလာမ်ဘာသာအတွင်းက သို့မဟုတ် ဗုဒ္ဓဘာသာအတွင်းက သဘောထားနကြေမယ်ဆိုရင် သူတို့ဟာ ဘာသာရေးကို တွယ်ကပ်ပြီး အားကောင်းသထက်ကောင်းလာမှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာထဲက အစွန်းရောက်တွေ၊ အစ္စလာမ်ဘာသာထဲက အစွန်းရောက်တွေကို ပူးပေါင်းပြီး ဝိုင်းဝန်းဖယ်ထုတ်ကြပါစို့။

Facebook ပေါ်မှာလည်း အလားတူ အကြမ်းဖက်မှုတွေ၊ နားမလည်မှုတွေ ကို ဖယ်ရှားဖို့အတွက် သတင်းအချက်အလက် Like လုပ်တဲ့ နေရာမှာဖြစ်စေ၊ ဝေမျှ Share လုပ်ကြတဲ့အခါဖြစ်စေ ဘာသာတရားတစ်ခုနဲ့ ပတ်သတ်ပြီး အကြမ်းဖက်မှုကိုသာ ဝေဖန်ထောက်ပြထားတာမဟုတ်ဘဲ အစ္စလာမ်ဘာသာတစ်ခုလုံးဟာ အကြမ်းဖက်သာသနာ၊ ဗုဒ္ဓဘာသာတစ်ခုလုံးဟာ မှားယွင်းတဲ့သာသနာ စသဖြင့် အကျိုးမရှိ အပုတ်ချရေးသားထားတဲ့ Post တွေကို share မလုပ်ကြစေချင်ပါဘူး။ အကြမ်းဖက်မှုကို ဘာသာရေးမခွဲခြားဘဲ ဝေဖန်ထားတဲ့ Post မျိုးသာလျှင် ရေးသားကြဖို့နဲ့ အဲ့ဒါမျိုးကိုသာ ဝေမျှကြဖို့ တိုက်တွန်းလိုပါတယ်။ တစ်ချို့ Post တွေကျတော့ လူတိုင်းသဘောကျစေမယ့် အချက်အချို့နဲ့ တန်ဆာဆင်ထားပြီး လိုရင်းက မုန်းတီးမှုကို ဦးတည်စေတာဆိုရင်လည်း အဲ့ဒီလို Post မျိုးကို သတိမူကြပါ။

ကျွန်တော်တို့အားလုံးချစ်တဲ့ မြန်မာပြည်ကြီးတိုးတက်ပါစေ။ ဘာသာလူမျိုးမရွေး တန်းတူညီမျှ ချစ်ကြည်ရင်းနှီးစွာနေထိုင်နိုင်တဲ့ အေးချမ်းတဲ့ နိုင်ငံတကာက လေးစားရတဲ့ တိုင်းပြည်ကြီးဖြစ်လာဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့။ ဖတ်ရှုဝေမျှပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။အားလုံးငြိမ်းအေးကြပါစေ။

အောင်သန်းလွင်
 
 

Friday, August 3, 2012

ကမ္ဘာကြီးပူနွေးလာခြင်း

       ယနေ့အချိန်ကာလမှာ ကျွနု်ပ်တို့နေထိုင်တဲ့ ကမ္ဘာနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတစ်ခုကတော့ ကမ္ဘာကြီးပူနွေးလာမှုပဲဖြစ်ပါတယ်။ ကမ္ဘာအနှံ့က ကျွမ်းကျင်သူတွေဟာ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး သတိပေးလာခဲ့တာဟာ ဆယ်စုနှစ်ပေါင်းများစွာရှိပါပြီ။ သက်ဆိုင်ရာ အစိုးရတွေကိုလည်း ကမ္ဘာကြီးပူနွေးလာမှုနှုန်းလျှော့ချရေးအတွက် တိုက်တွန်းနေခဲ့တာ ကြာပါပြီ။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ နောက်လာမယ့် နှစ်ငါးဆယ်အတွင်းမှာ ကမ္ဘာ့အပူချိန်ဟာ ၂ ဒီဂရီ ဒါမှမဟုတ် ၃ ဒီဂရီထိ တက်လာနိုင်ဖို့ ၇၅ ရာခိုင်နှုန်း အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။ အဲ့ဒါရဲ့ အကျိုးဆက်က အများကြီးထိခိုက်နစ်နာစေနိုင်ပါတယ်။ တကယ်တော့ ၁ ဒီဂရီလောက်ပဲ အပူချိန်တက်မယ်ဆိုရင်တောင် ဂရင်းလန် ရေခဲပြင်ကြီးတွေကို အရည်ပျော်ကျသွားစေနိုင်ပြီး မော်လဒိုက်ဗ် လို ကျွန်းနိုင်ငံငယ်လေးတွေကို လုံးဝနစ်မြုပ်သွားစေနိုင်ပါတယ်။ အကယ်၍ ၃ ဒီဂရီထိ အပူချိန်တက်ခဲ့မယ်ဆိုရင် အမေဇုံ မုတ်သုန်တောတွေလိုမျိုးကို ဖျက်စီးပစ်နိုင်ပြီး မျိုးသုန်းပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ မျိုးစိတ်တွေထဲက တစ်ဝက်လောက်ဟာ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါ့အပြင် ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ်နဲ့ ကောက်ပဲသီးနှံတွေကို များစွာ ပျက်စီးစေပါလိမ့်မယ်။


   ကမ္ဘာ့ရာသီဥတုဟာ အပူနဲ့အအေး လှည့်ပတ်မှုတွေက တစ်ဆင့် လည်ပတ်ပြောင်းလဲနေတယ်ဆိုပေမယ့် စိတ်ပူစရာကောင်းတဲ့ အချက်က ယခုပြောင်းလဲနေတဲ့နှုန်းက ကမ္ဘာမြေရဲ့ နောက်ဆုံးလည်ပတ်မှုတွေ အဖြစ်ပြောင်းလဲသွားနိုင်လို့ပါပဲ။ နည်းပညာတိုးတက်လာမှုကြောင့် ပလပ်စတ်၊ လေကြောင်းသွားလာမှု၊ အစားအစာ ဈေးသက်သာလာမှု စတဲ့ အကျိုးကျေးဇူးတွေရလာပေမယ့် အလွန်အကျွံ ထုတ်လုပ်ပြီး အလွန်အကျွံသုံးစွဲမှုတွေက သဘာဝရဲ့ ဟန်ချက်ညီမျှမှုကို မဖျက်စီးစေရန်အတွက် ထိန်းသိမ်းဖို့ကလည်း အရေးကြီးပါတယ်။

   အစ္စလာမ်သာသနာမှာ လူသားကို ထာဝရဘုရားရှင်က ကမ္ဘာမြေကို ယုံကြည်အပ်နှံမှုတာဝန်ကို
ပေးထားပါတယ်။ ဒီတာဝန်ဟာ ကြီးလေးလှတဲ့ တာဝန်လည်းဖြစ်ပါတယ်။ အတိတ်ကာလမှာ လူသားဟာ အလွန်အကျွံတောခုတ်ထွင်ခြင်း၊ စိုက်ပျိုးခြင်း စတာတွေဟာ သူ့ရဲ့ရှင်သန်မှုကို ပျက်စီးစေနိုင်တာကို သတိထားမိတဲ့အတွက် သူ့ရဲ့အနီးပတ်ဝင်းကျင်ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောင့်ရမလဲဆိုတာကို သတိထားပါတယ်။ သူ့ရဲ့ အသိဉာဏ်ဟာလည်း အကန့်အသတ်ဖြင့်သာ ရှိနေခဲ့ပါတယ်။ မသိလို့ဘဲ ဖြစ်ဖြစ် လွဲမှားစွာ အသုံးချမိလို့ပဲဖြစ်ဖြစ် ဘေးအန္တရာယ် တစ်ခုခုကျရောက်လာတဲ့အခါမှာ အခြားတစ်နေရာကို ပြောင်းပြီးတော့ အသစ်ပြန်လည်စတင်နိုင်ပါတယ်။ ယခုအခါမှာတော့ ကျွနု်ပ်တို့ဟာ မသိနားမလည်ဘူးဆိုတဲ့ ဆင်ခြေပေးလို့မရတော့ပါဘူး။ လွဲမှားစွာ အသုံးမချမိဖို့အတွက် အတိတ်ကနေ သင်ခန်းစာယူကြရပါမယ်။ စိုးရိမ်ပူပန်စရာကတော့ ကျွနု်ပ်တို့အပြုအမူတွေရဲ့ အကျိုးသက်ရောက်မှုဟာ
နေရာဒေသတစ်ခုတည်းနဲ့ သက်ဆိုင်တာမျိုးမဟုတ်တော့ဘဲ ကမ္ဘာတစ်ခုလုံးနဲ့ ဆက်စပ်လာတာပါပဲ။ ကျွနု်ပ်တို့ဟာ တာဝန်သိသိနဲ့ အသိစိတ်ဓာတ်ရှိရှိ ပြုလုပ်ဖို့ ပျက်ကွက်မယ်ဆိုရင် အရင်ကလို လွယ်လွယ်ကူကူနဲ့ နေရာပြန်ချဖို့ မဖြစ်နိုင်တော့ပါဘူး။ အကြောင်းက ကျွနု်ပ်တို့အတွက် သွားစရာနေရာ မရှိတော့လို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ထုတ်လုပ်သူတွေ၊ ဖြန့်ဖြူးရောင်းချသူတွေ၊ စားသုံးသူတွဖြေစ်တဲ့ ကျွနု်ပ်တို့ဟာ ကျွနု်ပ်တို့ လုပ်ဆောင်ချက်တိုင်းရဲ့ အတိုင်းအတာ အကျိုးသက်ရောက်မှုတွေကို
လေးလေးနက်နက် တွေးတောစဉ်းစားရမှာဖြစ်ပါတယ်။ ဒီတာဝန်တွေဟာ အရှေ့ရယ် အနောက်ရယ်လို့ ခွဲခြားရမှာမဟုတ်ဘဲ အားလုံးနဲ့ သက်ဆိုင်တဲ့ တာဝန်တွေပဲဖြစ်ပါတယ်။

     အစ္စလာမ်သာသနာမှာ သင်ပြတာက ထာဝရဘုရားသခင်ဟာ ကျွနု်ပ်တို့ကို အတိတ်ကာလမှာ မြောက်မြားစွာသော သယံဇာတတွေပေးထားခဲ့သလို အနာဂတ်ကာလမှာလည်း အမြောက်အများပေးကမ်းလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် လူသားရဲ့ လွဲမှားစွာ အသုံးပြုမှုတွေက ဒီဟန်ချက်ညီမျှမှုကို ပျက်စီးစေနိုင်ပါတယ်။ တကယ်လို့ လူသားဟာ ဒီသယံဇာတတွေကို အချည်းအနှီး ဖြုန်းတီးပစ်ပြီး လိုအပ်တဲ့ တခြားသူတွေ သုံးစွဲခြင်းမှ ကင်းဝေစေမယ်ဆိုရင် ဒါဟာ သူ့ရဲ့ (လူသားကိုယ်တိုင်ရဲ့) ကံမကောင်း အကြောင်းမလှမှုပဲဖြစ်ပါတယ်။ ကိုရ်အာန်ကျမ်းစာမှာ လာရှိတာက ...
" အို အာဒမ်၏ သားမြေးအပေါင်းတို့ ..... စားကြကုန်၊ သောက်ကြကုန်။ သို့သော် အတိုင်းထက် မလွန်ကျူးကြစေနှင့်။ စင်စင် အရှင်မြတ် (ထာဝရဘုရားရှင်) သည် လွန်ကျူးသူများကို နှစ်သက်တော်မူခြင်းမရှိပေ။ " ( ကိုရ်အာန်ကျမ်းစာ အခန်းကြီး ၇ အခန်းငယ် ၃၂ )

      အစ္စလာမ်သာသနာရဲ့ အနှစ်ချုပ်သတင်းစကားကတော့ သင့်တင့်မျှတဲ့ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးဖို့အကြံပေးပြီး ညီညွတ်မျှတမှုကို တိုးမြှင့်ဖို့ပဲဖြစ်ပါတယ်။ အစ္စလာမ်က ကျွနု်ပ်တို့ရဲ့ တိုးတက်မှုအတွက် ကမ္ဘာမြေရဲ့ သယံဇာတတွေကို သုံးစွဲဖို့ လက်ခံပါတယ်။ ဒါပေမယ့် အဲ့ဒါဟာ အသိဉာဏ်ရှိရှိ ထိန်းထိန်းသိမ်းသိမ်းနဲ့ အသုံးချတာမျိုးဖြစ်ရပါမယ်။ ဒါမှသာလျှင် သင့်တော်တဲ့ အနေအထားတစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကိုရ်အာန်ကျမ်းစာမှာ ဖော်ပြတာက ......
" ထိုသူများ ..... သူတို့သည် အသုံးအဖြုန်းကြီးသူများလည်းမဟုတ်၊ စေးနည်းကြသူများလည်း မဟုတ်။ သူတို့သည် သင့်တင့်စွာသုံးစွဲကြသူများဖြစ်ကြပေ၏။ " လို့ဆိုထားပါတယ်။ ( ကိုရ်အာန်ကျမ်းစာ အခန်းကြီး ၂၅ အခန်းငယ် ၆၈ )

 
 ဒီအတွက်ကြောင့်ကျွနု်ပ်တို့ တစ်ဦးတစ်ယောက်ချင်းစီဟာ ကိုရ်အာန်ကျမ်းစာရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ဟန်ချက်ညီမျှမှုကို ထိန်းသိမ်းကာ အလွန်အကျွံကိစ္စရပ်များမှ ရှောင်ရှားသင့်ပါတယ်။ တိုင်းပြည်တွေအနေနဲ့ကလည်း ကျွနု်ပ်တို့နေထိုင်တဲ့ ကမ္ဘာမြကြေီးကို ငဲ့ညှာပြီး မိမိအကျိုးစီးပွား တစ်ခုတည်းသာမကြည့်ဘဲ ကိုယ်ပိုင်တာဝန်သိစိတ်ရှိရှိနဲ့ အချင်းချင်း စုပေါင်း ပူးပေါင်း ဆောင်ရွက်ကြဖို့၊ အသိဉာဏ်ဗဟုသုတတွေ ဖြန့်ဝကြေဖို့လိုအပ်ပါတယ်။ ယခုလိုပြုလုပ်မယ်ဆိုရင်တော့ ကျွနု်ပ်တို့ဟာ ထာဝရဘုရားသခင်ရဲ့ ကျေနပ်နှစ်သက်မှု၊ လက်ရှိ နဲ့ နောင်အနာဂတ်မျိုးဆက်တွေအတွက် ကျွနု်ပ်တို့ကို ပေးအပ်ထားတဲ့ ယုံကြည်စိတ်ချရမှုကို ရရှိနိုင်ပါလိမ့်မယ်။

အောင်သန်းလွင် B.C.Sc (Hons)



Source: www.Understand-Islam.org

အင်္ဂလိပ်ဘာသာဆောင်းပါးမှ ဆီလျှော်အောင်ဘာသာပြန်ဖော်ပြသည်။